ရေခဲလူသား ဝင်ဟော့ဖ်က သူ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ဘယ်လိုချိန်ညှိသလဲ

35426829_548239452237007_8886129250562736128_n.jpg

ပုံမှန်မဟုတ်တာ တစ်ခုခုကိုလုပ်ဖို့ စိတ်ကူးကြည့်မိဖူးပါသလား။ မျက်လှည့်ဆန်ဆန် အရာမျိုးတွေပေါ့။ ဥပမာ စိတ်နဲ့ ဇွန်းတွေကို ကွေးကြည့်တာမျိုး၊ လေပေါ်ပျံတာမျိုး၊ ရက်ပေါင်းများစွာ အစာမစားပဲ နေကြည့်တာမျိုး အစရှိသဖြင့်ပေါ့လေ။

အခု စာရေးသူက အဲဒီလို ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို လုပ်ဆောင်တဲ့သူတစ်ယောက်အကြောင်း ပြောပြပေးချင်ပါတယ်။ သူ့နာမည်က ဝင်ဟော့ဖ် (Wim Hof) လို့ခေါ်ပြီးတော့ သူက အရမ်းအေးတဲ့အပူချိန်မှာ သက်သက်သာသာနေနိုင်တာကြောင့် ရေခဲလူသား (Iceman) လို့ အမည်ရထားသူဖြစ်ပါတယ်။

ဒီနာမည်ကို လွယ်လွယ်ရထားသူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဟော့ဖ်ဟာ မာရသွန် တာဝေးပွဲ တစ်ဝက်စာ အကွာအဝေးရှိ ရေခဲပြင်ပေါ် ခြေဗလာနဲ့ အမြန်ဆုံး လျှောက်နိုင်တဲ့ ဂင်းနစ် စံချိန်တင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ ဒါတင်လည်း မကပါဘူး။ ဧဝရတ်တောင်ပေါ် ပေပေါင်း ၂၄၅၀၀ (၇၄၆၈မီတာ)အကွာအဝေးအထိ ပုံမှန်အဝတ်အစားနဲ့ ဘွတ်ဖိနပ်ကိုသာ ဝတ်ဆင်ပြီးတက်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီအပြင် အရမ်းအေးတဲ့ အာတိတ်ဒေသရဲ့ ရေခဲတွေအောက်မှာ ခြောက်မိနစ်ကျော်ကြာ အသက်မရှုပဲ နေနိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အရာတွေကို လုပ်ခဲ့သူကတော့ ရေခဲလူသားဟော့ဖ်ပဲဖြစ်ပါတယ်။

ဒီလိုအံ့ဖွယ်အရာတွေကို လုပ်ဆောင်နိုင်ဖို့ ဟော့ဖ်ဟာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ရပါတယ်။ သူ့ရဲ့နည်းစနစ်ကို Win Hof Method လို့ခေါ်ပြီး အပိုင်း သုံးပိုင်း ပါရှိပါတယ်။ ပထမတစ်ပိုင်းကတော့ အောက်ဆီဂျင်ကို မြန်နိုင်သလောက်မြန်မြန် ရှုသွင်းရှုထုတ် လုပ်တတ်ဖို့ပါပဲ။ ဒါက ကျရှုံးမယ့် အလုပ်တစ်ခုအတွက် ထိန်းချုပ်နိုင်အောင် လေ့ကျင့်မှုပါ။ နောက်နှစ်ခုကတော့ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း ဒါမှမဟုတ် စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်း တစ်ခုခုလုပ်ခြင်းနဲ့ အအေးဒဏ် ခံနိုင်အောင် ထပ်ခါထပ်ခါ လေ့ကျင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီသုံးခုကို သေချာ လေ့ကျင့်ခြင်းအားဖြင့် ဟော့ဖ်ဟာ ချမ်းအေးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာတောင် ခန္ဓာကိုယ် အပူချိန်ကို အပူချိန် မပျောက်သွားအောင် နွေးထွေးနေအောင် ချိန်ညှိထားနိုင်ပါတယ်။

ဝိန်း (Wayne) ပြည်နယ် တက္ကသိုလ်က လေ့လာသူတွေကတော့ ဟော့ဖ်ရဲ့ ရေခဲလူသား စွမ်းရည်တွေကို လေ့လာဖို့ တောင်းဆိုခဲ့ပါတယ်။ သူကလည်း ခွင့်ပြုခဲ့ပါတယ်။ လေ့လာသူတွေက အပူချိန် ၃၁ ကနေ ၃၄ ဒီဂရီ ဆဲစီးယပ်စ် သို့မဟုတ် ၁၅ ကနေ ၁၇ ဒီဂရီ ဆဲစီးယပ်စ်ရှိတဲ့ရေထဲ အရင်စိမ်နေခိုင်းပါတယ်။ တစ်ကယ်လို့ ဟော့ဖ်က အပူချိန်ကို ထိန်းထားနိုင်ရင် သူ့ခန္ဓာကိုယ်အပူချိန်ဟာ ဒီအပူချိန်တွေရဲ့ သက်ရောက်မှုကြောင့် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါက အမှန်တကယ် ဖြစ်ခဲ့ပါတယ်။ လေ့လာသူတွေက အဆုတ်အတွင်းပိုင်းရှိ သွေးကြောမျှင်လေးတွေကို နွေးစေတာကြောင့် ခန္ဓာကိုယ်က သွေးလည်ပတ်မှု အားကောင်းလာတာလို့ အကြံပြုပါတယ်။

ဒီလေ့လာချက်ကို ပိုမိုအတည်ပြုနိုင်ဖို့ရာ ခန္ဓာကိုယ် အပူချိန်ချိန်ညှိတဲ့ ဟော့ဖ်ရဲ့နည်းလမ်းကို အုပ်စုငယ်လေးတွေဖွဲ့ပြီး လေ့လာစမ်းသပ်ခဲ့ပါတယ်။ ရလဒ်တွေကတော့ စိတ်ကျေနပ်စရာပါပဲ။ ၂၀၁၄ခုနှစ်မှာ အုပ်စုနှစ်ဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့က ဟော့ဖ်နဲ့အတူ ဒီနည်းလမ်းကို လိုက်နာလေ့ကျင့်ပြီး ကျန်တစ်ဖွဲ့ကတော့ ပုံမှန် လေ့ကျင့်ခန်းတွေ လေ့ကျင့်စေကာ အေးစက်နေတဲ့ရေထဲမှာ ရေကူးနိုင်ဖို့ကို စမ်းသပ်ခဲ့ကြပါတယ်။ လေ့လာမှုအဆုံးမှာ ဟော့ဖ်နည်းလမ်းအတိုင်း လေ့ကျင့်တဲ့အုပ်စုဟာ ကျန်အုပ်စုထက် ပိုမိုခံနိုင်ရည်စွမ်းအင် မြင့်နေတာကို တွေ့ရှိရပါတယ်။

Ref: Iceman Wim Hof’s Baffling Breathing Technique lets Him Control His Body Temperature

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top