ခဏတာစိတ်ဆိုးမှုရဲ့ နောက်ဆက်တွဲ ကြေကွဲဆို့နင့်ဖွယ် အဖြစ်ဆိုး

mm_large.jpg

အင်္ဂလန်နိုင်ငံ ဆိုမားဆက်မှာ နေထိုင်တဲ့ အသက် ၃၃ နှစ် အရွယ် အက်ရှလေ မာရေး (Ashley Murrey)  ဆိုတဲ့  အမျိုးသမီးဟာ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် မစ်ကီ (Mickey) ကို စိတ်တိုပြီး ဆိုဖာပေါ်မှာ အိပ်ဖို့ နှင်ထုတ်ခဲ့ပါတယ်။

မစ်ကီက သူမအတွက် အချိန်မပေးဘဲ အလုပ်ချိန် ကြာမြင့်စွာ လုပ်ကိုင်နေခဲ့တာကြောင့် စကားများခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာတော့ သူမရဲ့ အမျိုးသားကို ဆိုဖာပေါ်မှာ သေဆုံးနေတာ အံ့ဩထိတ်လန့်စွာ တွေ့ခဲ့ရပါတယ်။

သူမ နောက်ပိုင်းမှ သိခဲ့ရတာကတော့ မစ်ကီက သူမနဲ့ နှစ်ပတ်လည်မှာ ခရီးထွက်နိုင်ဖို့ အတွက် ကော်ဇောသန့်ရှင်းရေးသမားအဖြစ် တစ်နေ့ကို အလုပ်ချိန်အပိုတွေ အများကြီး လုပ်နေခဲ့တယ် ဆိုတာပါပဲ။ တစ်နေ့ကို ဆယ်ခြောက်နာရီလောက် တစ်ပတ်လုံး အလုပ်လုပ်နေရပေမယ့် မစ်ကီကတော့ မိသားစုကို အပြုံးတွေနဲ့ ဆက်ဆံခဲ့တာပါ။ စကားများရန်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာ အက်ရှလေက မစ်ကီ အိပ်နေတဲ့ဆိုဖာဆီ သွားကြည့်တဲ့ အခါမှာတော့ မစ်ကီရဲ့ ကိုယ်က အေးစက်နေပြီး မျက်နှာအရောင်ကလည်း သွေးမရှိတော့ဘဲ သေဆုံးနေခဲ့ပါပြီ။ အလုပ်ကြောင့် ပင်ပန်းနေတဲ့ ခင်ပွန်းဖြစ်သူကို သူမရဲ့ အနားမှာ အချိန်ပိုရှိစေချင်တဲ့စိတ်နဲ့ စကားများခဲ့ကြပြီး အခုလို စိတ်ဆင်းရဲစရာ ဖြစ်ရပ်ဖြစ်လာခဲ့တာပါ။ မစ်ကီ့ကို ဆုံးရှုံးရတာဟာ သူမရဲ့ အမြင်တွေအားလုံးကို ပြောင်းလဲစေခဲ့တယ်။

“ဘဝက တိုတောင်းလွန်းတာမို့ မိသားစုနဲ့ အတူတူ ရှိနေနိုင်ချိန်လေးမှာ စိတ်ဆိုးဒေါသထွက်တဲ့ စိတ်နဲ့တော့ အိပ်ရာမဝင်သင့်ပါဘူး” လို့ အက်ရှလေ မာရေးက ဆိုပါတယ်။ သူတို့ စုံတွဲက ၂၀၀၇ ခုနှစ်မှာ တွေ့ခဲ့ကြပြီး ၂၀၁ဝခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ သမီးလေးတစ်ယောက်ကို မွေးစားခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ရင်သွေး အမွှာလေးကိုတော့ ၂၀၁၃ မှာ ရရှိခဲ့ပါတယ်။ ဆေးစစ်ချက်အဖြေအရတော့ မစ်ကီက အသက်ရှူရပ်ပြီး သေဆုံးခဲ့တယ် ဆိုပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။ အက်ရှလေကတော့ မစ်ကီ့ရဲ့ အလေးအပင်တွေ မ ရတဲ့ ခါးဒဏ်ရာကြောင့်လို့ ယူဆခဲ့ပါတယ်။ မစ်ကီရဲ့ ဒဏ်ရာက မပျောက်သေးပေမယ့် အဆိုးဆုံးအချိန်တွေမှာတောင်သူက မိသားစုအတွက် ကလေးတွေအတွက် အလုပ်တွေပဲ လုပ်နေခဲ့တာပါ။ သူမခင်ပွန်းရဲ့ အသုဘဖြစ်တဲ့ ဇွန်လ ၈ရက်နေ့မှာတော့ အက်ရှလေက “ကိုယ်ချစ်တဲ့သူတွေကို နမ်းပြီး သူတို့ကို ဂရုစိုက်ကြောင်း ပြလိုက်ပါ။ သူတို့တွေ ကိုယ့်အနားမှာ ရှိနေနိုင်သေးတဲ့ အချိန်လေးမှာပဲ ကိုယ်ဘယ်လောက်ချစ်တာကို ပြလိုက်ပါ” ဆိုပြီး ပြောခဲ့ပါတယ်။

Ref: The Independent; “ Woman Urges Couples Not To Go To Bed On An Argument After Husband Dies In His Sleep”

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top