ကျောင်းမသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်တာတွေ၊ ငိုတာတွေနဲ့ သင့်ကိုတွယ်ကပ်ပြီး ဂျီကျနေပြီဆိုတာ ကျောင်းစတက်တဲ့အရွယ်မှာ ကြုံတွေ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ လွတ်လပ်ချင်စိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့စိုးရိမ်စိတ်တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိထားဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ်၊ မိဘတစ်ယောက်အနေနဲ့ ကျောင်းမသွားချင်တဲ့ကလေးတစ်ယောက်ကို ကျောင်းပို့ဖို့အတွက် နည်းဗျူဟာလေးတွေ ရှိနေပါတယ်။
ပထမဆုံးအချက်က သူ့ရဲ့ကြောက်ရွံ့မှုကို လျော့ချပေးပါ
ကျွန်မတို့က သူငယ်တန်းနဲ့ မူလတန်းတွေဟာ ကြောက်စရာကောင်းမနေဘူးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကလေးတွေအတွက်တော့ ကျောင်းဆိုတာ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါကြောင့် သင့်ကလေးကို သူကြိုက်တဲ့အစားအသောက်တွေကျွေးရင်း ထွေးပွေ့ပြီးဖြစ်ဖြစ် အနားယူစေသင့်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါတော့ ကလေးက ကျောင်းမှာခက်ခက်ခဲခဲစာသင်နေရတာထက် အိမ်မှာပဲ နေချင်စိတ်တွေဖြစ်နေမှာပါ။
အသက် (၅) နှစ်ကစပြီးတော့ ကလေးဟာ စိုးရိမ်စိတ်တွေများလာတတ်တာ သဘာဝပါပဲ။ ကလေးတွေဟာ သူတို့နေထိုင်တဲ့ဘဝနဲ့ ဘယ်လောက်ပဲနေသားကျပါစေ သေဆုံးမှုတွေ၊ အနာတရဖြစ်တာတွေ ဒါမှမဟုတ် မိဘအနားမှာမရှိတာတွေ အထူးသဖြင့် သတင်းထဲမှာ ကြောက်စရာတစ်ခုခု တွေ့လိုက်ရရင် ကြောက်ရွံ့စိတ်တွေ ပိုဖြစ်လာတတ်ပါတယ်။ သူတို့ကျောင်းမှာရှိနေတဲ့အချိန် သူတို့မိဘ ဒါမှမဟုတ် သူတို့ဆီမှာ အန္တရာယ်တစ်ခုခု ဖြစ်မလားဆိုပြီး စိုးရိမ်နေနိုင်ပါတယ်။ ကလေးတွေဟာ အဲဒီအသက်အရွယ်မှာ လွတ်လပ်မှုကို ကြိုက်ပေမဲ့ စိုးရိမ် ကြောက်ရွံ့နေတတ်ကြတာပါပဲ။
အိမ်က ပျော်စရာလေးတွေကို လျော့ပေးပါ
တစ်ခါတလေ ကလေးတွေဟာ အိမ်မှာနေချင်လို့ ကျောင်းမသွားချင်ကြပါဘူး။ သင့်ကလေးက ခေါင်းကိုက်ဟန်ပြပြီး သူတကယ်နေမကောင်းသလို ဟန်ဆောင်တတ်ပါတယ်။ ကလေးမှာ တကယ်အဖျားမရှိဘူး၊ မအန်ဘူး၊ တခြားလက္ခဏာတွေလည်း မရှိဘူးဆိုရင် ကျောင်းသွားဖို့ ကြိုးစားပြီးပြောကြည့်ပါ။ ကလေးအိမ်မှာရှိတဲ့နေ့ဆိုရင် ကလေးကို စောင့်ကြည့်နေသင့်ပါတယ်။ ဒါပေမဲ့ သူ့ကို တီဗွီတွေ၊ ဖုန်းတွေ အကြာကြီးမကြည့်ပါစေနဲ့။ ဂရုလည်း အရမ်းမစိုက်ပေးပါနဲ့။ နေမကောင်းချင်ယောင်ဆောင်တဲ့နေ့က ပျော်စရာမကောင်းဘူးဆိုတာ သိသွားရင် ကျောင်းသွားချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။
စိတ်သက်သာရာရအောင် လုပ်ပေးပါ
သင့်ကလေးဟာ ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးတွေရှိနေတယ်၊ မပြောပြတတ်ပေမဲ့ သူဘာကိုရှောင်လွှဲချင်တယ်ဆိုတာ သူက နားလည်နေတတ်ပါတယ်။ ဥပမာ ကလေးက ဗိုက်အောင့်လို့ ကျောင်းမသွားချင်ဘူးလို့ပြောတယ်ဆိုပါစို့။ အဆက်အစပ်ရှိတာလေးတစ်ခုကို ပြောပြပြီး ကလေးကိုယ်တိုင် ဖွင့်ဟပြောနိုင်ဖို့ ကြိုးစားကြည့်ပါ။ ‘သားသိလား၊ ဟိုတစ်ခါ မေမေဗိုက်အောင့်တုန်းကလေ အပြင်သွားဖို့နောက်ကျမှာကို အရမ်းစိတ်ပူနေတာ။ ဒါပေမဲ့ ဘယ်လိုအချိန်မီအောင်လုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေရင်း ဗိုက်အောင့်တာပျောက်သွားရော။ သားကကော ဘာတွေစိုးရိမ်နေတာလဲ’ လို့ ကလေးကို ချော့ မေးကြည့်ပါ။ ဒီလိုမေးတာတောင်မှ မပြောဘူးဆိုရင် သူ့ဆရာမနဲ့ ဆွေးနွေးကြည့်ပါ။
နောက်ဆုံးတစ်ချက်ကတော့ ပြဿနာတွေကို ဖြေရှင်းပေးပါ
သင့်ကလေးက ကျောင်းမသွားချင်ဘူးလို့ပြောပြီး ငိုတာကို ချော့လို့လည်းမရတာမျိုး ဒါမှမဟုတ် အိပ်မက်ဆိုးကြောင့်စိုးရိမ်စိတ်တွေရှိနေတာမျိုး ဒါမှမဟုတ် တစ်ယောက်တည်းနေရလို့ကြောက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ကလေးတွေမှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ ကလေးအထူးကုနဲ့ တွေ့ပြီးဆွေးနွေးသင့်ပါတယ်။
Ref: www.parents.com “When your children doesn’t want to go to school”
Wint Wah (ရိုးရာလေး)