အိပ်ရာထဲ အပေါ့သွားတတ်တဲ့ ကလေးရဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

the-child-little-girl-sleeping-in-the-bed-AXEDV3H.jpg

ဖေဖေ မေမေမတို့ရဲ့ ကလေးက အသက် ၅ နှစ် ရောက်တာတောင် အိပ်ရာထဲ အပေါ့သွားတုန်းပဲလား။ ကလေးမို့လို့ ၅ နှစ်၊ ၇ နှစ် အရွယ် အိပ်ရာထဲ အပေါ့သွားတာ မဆန်းပါဘူးလို့ ပြောတဲ့ လူတွေလည်း ရှိမယ်ထင်ပါတယ်။

များသောအားဖြင့် ကလေးတွေ အိပ်ရာထဲ အပေါ့သွားတယ်ဆိုတာ ဆီးမထိန်းနိုင်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မှတ်ထားရမှာတစ်ချက်ကတော့ အိပ်ရာထဲ အပေါ့သွားတယ်ဆိုတာ ကလေးက တမင်တကာလုပ်တာ မဟုတ်ဘူးဆိုတာပါပဲ။

ပထမအကြောင်းရင်းက ကလေးရဲ့ ခန္ဓာကိုယ်က ဖွံ့ဖြိုးဆဲ အရွယ်ဖြစ်ပြီး ကလေးရဲ့ဆီးအိမ် ၊ အာရုံကြောစနစ်နဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်သေးတာကြောင့်ပါ။ ငယ်သွားပေါက်တဲ့ အရွယ် မရောက်မချင်း ဒီလိုမျိုး အိပ်ရာထဲ အပေါ့သွားနေမှာပါ။ ဒုတိယအချက်က မျိုးရိုးလိုက်တာကြောင့် လည်းဖြစ်နိုင်ပါတယ်။ မိဘ နှစ်ပါးမှာ တစ်ယောက်က ဒီလိုအကျင့်ရှိရင် ကလေးမှာ ဒီလိုမျိုး မျိုးရိုးလိုက်နိုင်ပါတယ်။

နောက်တစ်ချက်က ညဘက် ဆီးအများကြီးသွားတယ်ဆိုတာ ကလေးရဲ့ ခန္ဓာကိုယ်က ညဘက် ဆီးသွားတဲ့ ပမာဏ ကို လျှော့ချပေးနိုင်တဲ့ ဟော်မုန်း လုံလုံလောက်လောက် မထုတ်ပေးသေးလို့ပါ။ အိပ်ခါနီး ရေအများကြီး သောက်တဲ့ ကလေးတွေမှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ တချို့ ကလေးတွေကျတော့ ဆီးအိမ်တင်းနေပြီး ဆီးသွားချင်ရင်တောင်မှ အောင့်ထားပြီး ဆက်အိပ်ရလောက်အောင် အအိပ်မက်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ကလေးက အရမ်းပင်ပန်းပြီး စိတ်ဖိစီးမှု များလာတဲ့ အခါမှာလည်း အိပ်ရာထဲ အပေါ့သွားတတ်ပါတယ်။

ဒီကိစ္စက အပြည့်အဝ နားလည်လွယ်တာမျိုး မဟုတ်ပေမဲ့ ကလေး အများစုအတွက်က တော့ ဒါကပုံမှန်ဖွံ့ဖြိုးမှု အဆင့် တစ်ဆင့်ပဲဖြစ်ပြီး အပေါ်ကပြောသွားတဲ့အကြောင်းအရာတစ်ချက်ချက်နဲ့ဆက်စပ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ ကလေး အယောက် ၁၀၀ မှာ ၉ဝ ရာခိုင်နှုန်းလောက်ကတော့ အသက် ၇နှစ်အရွယ်ရောက်တဲ့ အခါ ဒီအကျင့်ကို သူ့အလိုလို ကြိုးစား ဖျောက်ပါတယ်။ဒီလိုမှမဟုတ်တဲ့ကလေးတွေအတွက်ကတော့ အောက်မှာပြောထားတဲ့ နည်းလမ်းလေးတွေကိုလိုက်နာကြည့်ပါ။

ဖေမေတို့အနေနဲ့ ကလေးရဲ့အိပ်စက်တဲ့ နေရာ ပတ်ဝန်းကျင်ကို သေချာ ကြည့်ရပါမယ်။ အိပ်ရာက သန့်စင်ခန်းနဲ့ ဝေးလားနီးလား ဒါမှမဟုတ်ကလေးက သူကြောက်တဲ့ အခန်းထဲမှာ အိပ်နေရလို့လား။ ညဘက် အပေါ့တည်တဲ့ အခါ ကလေးက သန့်စင်ခန်း သွားဖို့ အကြောက်အကန် ငြင်းရင်တော့ အကြောင်းရင်းကို ချော့မော့မေးဖို့လိုပါပြီ။

နောက်တစ်ခုက ကလေးရဲ့ တစ်နေ့တာ မှာ သောက်သုံးတဲ့ ရေပမာဏကို စောင့်ကြည့်ပါ။ ကလေးတွေမှာ ရေ လုံလုံလောက်လောက်သောက်ဖို့ အရေးကြီးပါတယ်။ သူတို့သောက်တဲ့ ရေပမာဏက ရာသီဥတု၊ စားသုံးတဲ့ အစားအစာနဲ့ သူတို့ ဘယ်လောက် ဖျတ်လတ်လဲ ဆိုတာအပေါ်မူ တည်ပါတယ်။ အိပ်ရာဝင်ခါနီး ရေသောက်တာကို တားမြစ်လိုက်ရင် ညဘက် အိပ်ရာထဲ အပေါ့မသွားတော့ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဖြစ်နိုင်ရင်တော့ နေခင်းဘက် ရေများများသောက်ခိုင်းတာ အကောင်းဆုံးပါပဲ။

နောက်တစ်မျိုးက ကလေးတွေကို အိပ်ရာမဝင်ခင် အပေါ့တည်တာ အကောင်းဆုံးပါပဲ။ အိပ်ရာ တစ်ရေးနိုးတဲ့အခါ ကလေးကို အပေါ့သွားမလား မေးပါ။ တကယ်လို့ သူက ကြောက်လို့ ငြင်းတာဆိုရင် သန့်စင်ခန်းကို တူတူလိုက်ပေးမယ် ပြောပါ။ အိပ်နေတဲ့ ကလေးကို အတင်းနှိုးပြီး အပေါ့သွားခိုင်းတာမျိုး၊ အိပ်နေတုန်း သန့်စင်ခန်းထဲ ချီသွားပြီး ဆီးတည်တာမျိုးလုပ်လို့ကတော့ အိပ်ရာထဲ အပေါ့သွားတဲ့ အကျင့် ပျောက်မှာမဟုတ်ပါဘူး။

နေ့လည်နေ့ခင်းမှာ ကလေးရဲ့ အပေါ့သွားတဲ့ အကြိမ် အရေအတွက်ကို စောင့်ကြည့်ပါ။ ကလေးတစ်ယောက်က တစ်နေ့ကို ပုံမှန်လေးကြိမ်ကနေ ခုနှစ်ကြိမ်အထိ သန့်စင်ခန်း သွားသင့်ပါတယ်။ နေ့ကလေးထိန်းကျောင်းတက်နေတဲ့ ကလေး ဆိုရင် သူတက်တဲ့ ကျောင်းက သန့်စင်ခန်းက သူ့အတွက် အဆင်ပြေမပြေ စစ်ဆေးကြည့်ပါ။ တချို့ကလေးတွေက ကျောင်းမှာ အပေါ့မသွားအောင် ရေမသောက်ဘဲ တစ်နေကုန်နေပြီး အိမ်ရောက်မှ ရေပိုသောက်တော့ ညဘက် အိပ်ရာထဲ အပေါ့သွားတာဖြစ်ပါတယ်။

ဒီလိုအချက်တွေသိထားရင်တော့ အိပ်ရာထဲ အပေါ့သွားတဲ့ကလေးရဲ့ အကျင့် ပျောက်အောင် ဖန်တီးပေးနိုင်ပါပြီး ဖေမေတို့ရေ။

Ref: Parents.com “How to help Kids stop wetting the bed”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top