အစိုးရရဲ့ရန်ပုံငွေထောက်ပံ့ကြေးဖြတ်တောက်ခံခဲ့ရပေမဲ့ အိုလံပစ်ရွှေတံဆိပ်ဆုကို ရအောင်ယူနိုင်ခဲ့သူ

1-8-2021-yyl-12-1.jpg

အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် အားကစားကို ရွေးချယ်ခဲ့တဲ့အတွက် အိုလံပစ်ကစားသမားတွေက ခက်ခဲမှုမျိုးစုံကို ကျော်လွှားကြရပါတယ်။ သူတို့တွေက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ လိုအပ်ကြပါတယ်။ အားကစားသမားတစ်ယောက်က ပြိုင်ပွဲတွေကို ဝင်ရောက်နိုင်ဖို့၊ လေ့ကျင့်ရေးဆင်းနိုင်ဖို့၊ အားကစားပစ္စည်းတွေအသုံးပြုနိုင်ဖို့ ငွေကြေးလိုအပ်ပါတယ်။ အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှု၊ ကုမ္ပဏီတွေရဲ့ ရန်ပုံငွေထောက်ပံ့ပေးမှုတို့က အားကစားသမားတွေအတွက် အရေးကြီးပါတယ်။

ရန်ပုံငွေထောက်ပံ့ကြေးမရရင်တောင် ဗြိတိန်BMXရွှေတံဆိပ်ဆုရှင်စက်ဘီးစီးသမား ဘီသနီ ရှထရီဗာ (Bethany Shriever) ကိုတော့ အိုလံပစ်ပြိုင်ပွဲဝင်ရောက်တာ ရပ်တန့်မပစ်နိုင်ခဲ့ပါဘူး။ UK က အမျိုးသားစက်ဘီးစီးသမားတွေကို ထောက်ပံ့ဖို့အတွက် အမျိုးသမီးစက်ဘီးစီးသမားတွေကို ရန်ပုံငွေထောက်ပံ့တာကို ရပ်တန့်ခဲ့တာပါ။ ဒါပေမဲ့ ဘီသနီက ဖြေရှင်းချက်တစ်ခုကို ရှာတွေ့ခဲ့ပြီး အခုဆိုရင် အိုလံပစ်ရွှေတံဆိပ်ဆုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

ဘီသနီ ရှထရီဗာက အိုလံပစ်စက်ဘီးစီးအဖွဲ့ကို ဝင်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့ ၂၂ နှစ်အရွယ် ဗြိတိန်လူမျိုး BMX စက်ဘီးစီးသမားဖြစ်ပါတယ်။ သူ့အတွက်ပြဿနာကတော့ အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှုမရှိဘူးဆိုရင် အိုလံပစ်အတွက် ပြင်ဆင်ရတာ အရမ်းဈေးကြီးတာပါပဲ။ ၂၀၁၆ခုနှစ် အိုလံပစ်ပြိုင်ပွဲပြီးတဲ့နောက်မှာ UK က ၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် အမျိုးသမီးစက်ဘီးစီးသမားတွေကို ရန်ပုံငွေထောက်ပံ့မပေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသမီးစက်ဘီးစီးသမားတွေအတွက် ရန်ပုံငွေတွေကို အမျိုးသားအဖွဲ့အတွက် ထောက်ပံ့‌ပေးခဲ့ပါတယ်။

အိုလံပစ်ဆိုတာက အားကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်ပြီး သူတို့ရဲ့အသက်မွေးဝမ်းကြောင်းရဲ့အထွတ်အထိပ်ဖြစ်တယ်လို့ သတ်မှတ်ထားတာပါ။ ဒါကြောင့် ဘီသနီက အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှုမပါဘဲ အိုလံပစ်ပြိုင်ပွဲဝင်ရောက်နိုင်မယ့် နည်းလမ်းရှာတွေ့ခဲ့ပါတယ်။ သူက ပြိုင်ပွဲအတွက် တိုကျိုသွားဖို့ ဘယ်လောက်ကုန်ကျမလဲ တွက်ချက်ပြီး ၂၀၁၉ခုနှစ်မှာ ရန်ပုံငွေရှာတဲ့ပေ့ချ်တစ်ခုကို ထောင်ခဲ့ပါတယ်။ သူ့မိဘတွေကလည်း သူတို့တက်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ ဘီသနီကလည်း ဂျပန်နိုင်ငံကို ထွက်ခွာဖို့ လိုအပ်တဲ့ ဒေါ်လာ ၇၀၀၀၀ စုဆောင်းနိုင်ဖို့ သူနာပြုကျောင်းမှာ သင်ကြားရေးလက်ထောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

ဒါတွေက ဘီသနီ ကျော်လွှားရတဲ့ တစ်ခုတည်းသောအခက်အခဲတွေမဟုတ်ခဲ့ပါဘူး။ ဘီသနီက လက်ကောက်ဝတ်တစ်နေရာတည်းကိုပဲ သုံးခါ ကျိုးခဲ့ပြီး အရိုးကျိုးတာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ သူ ဒါတွေကို ကျော်လွှားခဲ့ပြီး အခုဆို အိုလံပစ်ချန်ပီယံဖြစ်သွားခဲ့ပါပြီ။

သူက အခက်အခဲတိုင်းကို ကျော်လွှားနိုင်တယ်ဆိုတာကို ရွှေတံဆိပ်ဆုရယူကာ သက်သေပြခဲ့တာပါ။ ဘီသနီက သူ့ရဲ့အိုင်ဒေါဖြစ်ခဲ့တဲ့ အိုလံပစ်ရွှေတံဆိပ်နှစ်ကြိမ်ဆု မာရီယာနာ ပါဂျွန် (Mariana Pajon) ကို အနိုင်ပိုင်းခဲ့တာပါ။ ဘီသနီနဲ့သူ့ရဲ့အဖွဲ့သား ကာရီ ဝိုင်တီ (Kye Whyte) တို့က ဗြိတိန်ရဲ့ပထမဆုံးBMXရွှေတံဆိပ်ဆုရှင်တွေဖြစ်တဲ့အတွက်လည်း သီသနီကိုယ်တိုင်က လူတော်တော်များများအတွက် အားကျအတုယူစရာဖြစ်လာခဲ့ပါပြီ။

ဘီသနီက ဖြစ်သွားခဲ့တဲ့အရာတွေကို မယုံကြည်နိုင်ဖြစ်ခဲ့ပါတယ်။ “ဒါက စိတ်ကူးယဉ်သက်သက်ဖြစ်နေတုန်းပါပဲ။ အဲဒါကို တွေးဖို့တောင် အခွင့်အရေးမရခဲ့ဖူးပါဘူး။ ပြိုင်ပွဲကတည်းက ကိုယ့်ကိုယ်တိုင်အတွက် အခွင့်အရေးမရခဲ့ဖူးဘူး။ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်” လို့ဘီသနီက ဆိုပါတယ်။ ဘီသနီက အိုလံပစ်ပြိုင်ပွဲမှာ ၀.၀၉ စက္ကန့်နဲ့ ပန်းဝင်ပြီး ရွှေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်တဲ့အတွက် ဒီဆုက သူနဲ့တကယ်ကို ထိုက်တန်ပါတယ်။

Ref: Boredpanda “This 22-Year-Old BMX Gold Medalist Had To Crowdfund Her Olympics Bid After Her Funding Was Cut To Support Male Riders”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top