အရပ်ပုတဲ့ကလေးတစ်ယောက် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင် ဘယ်လိုမြှင့်တင်ပေးမလဲ

unnamed-1.png

ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာ လွှဲမှားနေတဲ့ အလှအပစံနှုန်းတွေရှိကြပါတယ်။ အလှအပစံနှုန်းမြင့်မားတာတွေကြောင့် အခြားသူတွေရဲ့မပြီးပြည့်စုံတဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကဲရဲ့သလိုဖြစ်စေကာ သူတို့ကို ခံစားရစေပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စံနှုန်းသတ်မှတ်ကာ ပြစ်တင်ရှုံ့ချဝေဖန်တာက Body Shaming လုပ်နေတာဖြစ်ပါတယ်။ လူတိုင်းမှာ အလှတရားကိုယ်စီရှိတယ်ဆိုတာကို သတိပြုမိကြပါစေ။ “မင်းက အရမ်းပုတာပဲ။ ငါက အရပ် ၅ ပေ ၈ လက်မအထက် ရှိတဲ့ သူတွေကိုပဲ ကြိုက်တာ”ဆိုတဲ့ စကားတွေကို ကျွန်တော်တို့ ဘဝမှာ ကြားနေရပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေက စနောက်ပြောဆိုမိတတ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်တိုင်ကလည်း အခြားသူကို ပြောဆိုမိတတ်ပါသေးတယ်။

လူကြီးတွေတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်း အခုလိုမျိုးကြုံတွေ့နေရပါတယ်။ ကလေးတစ်ယောက်က အရပ်ပုတာဟာ ဆွဲဆောင်မှုမရှိဘူး။ မကောင်းဘူးလို့ ကြားရတဲ့အခါ သူ့ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို ထိခိုက်စေနိုင်ပါတယ်။ အရပ်ပုတာနဲ့ပတ်သက်ပြီး ကလေးတော်တော်များများက ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ဖြစ်ရပ်တွေ ရှိပါတယ်။ တချို့ကလေးတွေက သင့်ရဲ့ကလေးကို အရပ်နဲ့ပတ်သက်ပြီး အပျော်အပျက်စနောက်ကြတယ်ဆိုတာ မိဘတွေ သိထားသင့်ပါတယ်။ သင့်ကလေးကိုယ်တိုင် အဲဒီလိုကြုံတွေ့ရပြီဆိုရင် သူ့ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို မိဘတွေက မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုမြှင့်တင်ပေးရမလဲဆိုရင်

ကြီးထွားမှုက လူတိုင်းကွာခြားကြတယ်ဆိုတာ ပြောပြပေးပါ

အခြားသူတွေထက် အရမ်းပုတယ်လို့ သင့်ကလေးပြောတာကို သင်ကြားခဲ့မယ်ဆိုရင် လူတစ်ယောက်နဲ့တစ်ယောက် ကြီးထွားမှုက မတူညီကြဘူးဆိုတာကို သိအောင် ပြောပြပေးဖို့အရေးကြီးပါတယ်။ တချို့လူတွေက ငယ်ငယ်လေးနဲ့ အရပ်ရှည်ကြတယ်။ တချို့ကတော့ ကြီးလာမှ အရပ်ရှည်ကြပြီး အရပ်ရှည်ဖို့အတွက် အချိန်ပေးရတယ်။ သင့်ကလေးသိအောင် အဲဒီလိုပြောပြပေးမယ်ဆိုရင် သင့်ကလေးရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို မြှင့်တင်ပေးရာရောက်ပါတယ်။

ကလေးပြောတာကို သေချာနားထောင်ပေးပါ

တစ်ခါတလေ သင့်ကလေးက သူ့ရဲ့ပြဿနာအတွက် ဖြေရှင်းချက်မလိုချင်ကြပါဘူး။ တစ်ခါတလေ သင့်ကလေးက သူပြောတာကို သင့်ကို နားထောင်စေချင်ပြီး သူ့ရဲ့ခံစားချက်ကို သိစေချင်ကြပါတယ်။ သင့်ကလေးပြောတာကို နားထောင်ပေးပြီး သူတို့ခံစားချက်ကို နားလည်ပေးပါ။ အရပ်အမြင့်နဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားချက်ကို လျစ်လျူမရှုပါနဲ့။ တချို့ကလေးတွေက အခြားသူတွေထက် ကြီးထွားတာပိုမြန်တယ်။ ကြီးလာရင် ရှည်လာမယ်ဆိုတာကို သင့်ကလေးသိပါစေ။

ကလေးစိတ်မကောင်းဖြစ်နေတယ်လို့တော့ ချက်ချင်း မယူဆပါနဲ့

မိဘတွေအနေနဲ့ကတော့ ကလေးရဲ့ခံစားချက်နဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ခံစားလွယ်ကြပါတယ်။ မိဘတွေက ကလေးကို ကာကွယ်ချင်ကြတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကလေးကိုယ်တိုင်က သင့်ကို ဘာမှမပြောသေးဘဲနဲ့ သူ့အရပ်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတယ်လို့ ယူဆလို့တော့မရပါဘူး။ အခြားကလေးတွေက သင့်ကလေးရဲ့အရပ်နဲ့ပတ်သက်ပြီး ပြောနေတာ သင်မြင်ရင် သင့်ကလေး ဒါနဲ့ပတ်သက်ပြီး စိတ်ထိခိုက်နေတယ်လို့ သင် ယူဆမိမယ်ထင်ပါတယ်။ သင့်ကလေးကိုယ်တိုင်က ထုတ်မပြောဘဲနဲ့ သင် အဲလိုယူဆလိုက်လို့မရပါဘူး။ အဲဒီလိုယူဆပြီး သင့်ကလေးကို ပြောလိုက်မယ်ဆိုရင် သင့်ကလေး အရပ်နဲ့ပတ်သက်ပြီး သတိပြုမိအောင် သတိပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးကို အရင်ဆုံး ပြောခွင့်ပြုပြီး ကလေးစိတ်မကောင်းဖြစ်နေရင် ကိုယ့်ကိုယ်ကိုတန်ဖိုးထားလာအောင် မြှင့်တင်ပြောဆိုပေးဖို့ အရေးကြီးပါတယ်။

Ref: How to boost a short kid’s self-esteem
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top