ဂျယ်ရီ ဝင်းဒယ် (Jerry Windle) ဆိုသူက တစ်ကိုယ်တည်းသမားဖြစ်သလို လိင်တူချင်းကြိုက်တဲ့သူတွေကို ထောက်ခံအားပေးတဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို ဖခင်တစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ လူတွေက ပြောကြပါတယ်။ သူကိုယ်တိုင်ကလည်း ဖခင်တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ဖို့ခက်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဘဝ လုံးဝပြောင်းလဲသွားခဲ့တယ်။ ဖခင်တစ်ယောက်အနေနဲ့ မိဘတာဝန်ထမ်းဆောင်မယ့်အခြေအနေတစ်ခုဖြစ်လာခဲ့တာက နတ်သမီးပုံပြင်တစ်ပုဒ်လိုပါပ။ လူတွေက ဖခင်တစ်ယောက်မဖြစ်နိုင်ဘူးလို့ သူ့ကို ပြောကြပေမဲ့ သူဟာ မကျန်းမာဖြစ်နေတဲ့ မိဘမဲ့ကလေးတစ်ယောက်ကို မွေးစားပြီး အိုလံပစ်ချန်ပီယံတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့တဲ့ ဖခင်ကောင်းဖြစ်ခဲ့ပါတယ်။ မိဘမဲ့ကလေးကို မွေးစားပြီး အိုလံပစ်ချန်ပီယံအဖြစ် ပျိုးထောင်ပေးခဲ့တဲ့ ဂျယ်ရီရဲ့ဇာတ်လမ်းလေးကတော့ ကမ္ဘောဒီးယားနိုင်ငံက ကလေးတစ်ယောက်ကို မွေးစားဖြစ်ခဲ့တဲ့အချိန်က စတင်ခဲ့တာပါ။
ဂျယ်ရီ ဝင်းဒယ်က ဖခင်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ အမေရိကန်မှာ ကလေးမွေးစားဖို့ ခက်ခဲပါတယ်။ တစ်နေ့တော့ ကမ္ဘောဒီးယားနိုင်ငံက မိဘမဲ့ကလေးတွေရဲ့ဘဝအကြောင်းကို ဖော်ပြထားတဲ့ မဂ္ဂဇင်းတစ်ခုကို တွေ့ရှိသွားခဲ့တယ်။ အဲဒီအချိန်တုန်းက ဂျယ်ရီဟာ ကမ္ဘောဒီးယားအာဏာပိုင်တွေကို ဆက်သွယ်ဖို့ တုံ့ဆိုင်းခြင်းမရှိခဲ့ဘူး။ မကြာခင်မှာပဲ သူ့ဘဝပြောင်းလဲသွားစေတဲ့ သတင်းကို လက်ခံရရှိခဲ့တယ်။
၂၀၀၀ခုနှစ် ဇွန်လမှာ ဂျယ်ရီဟာ မွေးမိဘတွေသေဆုံးသွားကတည်းက မိဘမဲ့ဂေဟာမှာ နေထိုင်နေခဲ့ရတဲ့၊ သူ့ရဲ့သားဖြစ်လာမယ့် ဂျော်ဒန် ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွိုင်းပင်ကို အပြေးလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျော်ဒန်ဆိုတဲ့ ကလေးလေးဟာ အာဟာရချို့တဲ့နေသလို ယားနာတွေနဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါကို ခံစားနေရတာပါ။ မကျန်းမာဖြစ်နေတဲ့ အဲဒီကလေးလေးကို ဂျယ်ရီက ဖလော်ရီဒါရှိ သူ့နေအိမ်ကို ခေါ်သွားခဲ့ပြီး ကျန်းမာရေးပြန်ကောင်းမွန်လာအောင် ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ဂျယ်ရီက ဖခင်တစ်ယောက်ရဲ့တာဝန်တွေကို စတင်ထမ်းဆောင်ခဲ့တော့တာပါပဲ။
အမေရိကန်မှာ ဂျော်ဒန်နဲ့အတူရှိနေတဲ့အချိန်တုန်းက ဂျယ်ရီက အခက်အခဲ၊ အတားအဆီးတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဂျော်ဒန်မှာ ကျန်းမာရေးပြဿနာတွေတော်တော်များများရှိခဲ့တယ်။ ဂျော်ဒန်က လုံးဝကို ခြေကုန်လမ်းပန်းကျနေတဲ့၊ အားနည်းနေတဲ့ ကလေးတစ်ယောက်။ ဂျော်ဒန်အင်္ဂလိပ်စာမသင်ယူရခင်တုန်းကတော့ ဂျယ်ရီနဲ့ ပြောဆိုဆက်ဆံတဲ့အခါ လက်ဟန်ခြေဟန်နဲ့ ပြတယ်။
အဲဒီအချိန်တုန်းက ဂျော်ဒန်ဟာ ၂ နှစ်သားလေးပေမဲ့ ကိုယ်အလေးချိန်က ၁၆ ပေါင်ပဲရှိတယ်။ ဂျယ်ရီက သူ့သားလေး အသက်ရှင်နိုင်မလား သေသွားမလားမသေနိုင်တဲ့အခြေအနေပါ။ ဒါပေမဲ့ သူ့သား ကျန်းမာလာအောင်၊ ဒီလိုမျိုးထပ်ပြီးမခံစားရအောင် အရာအားလုံးလုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့တယ်။ ဂျော်ဒန်အပေါ်ထားတဲ့ ဂျယ်ရီရဲ့ချစ်ခြင်းမေတ္တာက အခက်အခဲအတားအဆီးတွေကို အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။
အသက် ၇ နှစ်အရွယ်မှာ ဂျော်ဒန်ဟာ အိုလံပစ်ကစားသမားဖြစ်ချင်တဲ့အိပ်မက်စတင်ခဲ့ပါတယ်။ ဒိုင်ဗင်လေ့ကျင့်ရေးကွင်းက နာမည်ကြီးဒိုင်ဗင်နည်းပြ ရွန် အိုဘရိန် (Ron O’Brien) ရဲ့သား တင်မ် အိုဘရိန် (Tim O’Brien) က ဂျော်ဒန်ကို မြင်ပြီး သဘောကျသွားခဲ့တယ်။ အဲဒီနောက်မှာ ဂျော်ဒန်က အထူးဒိုင်ဗင်ပရိုဂရမ်တစ်ခုထဲ ဝင်ရောက်ခဲ့ပြီး အောင်မြင်မှုတွေ စတင်ရရှိခဲ့တယ်။ အိုလံပစ်ရွှေတံဆိပ်ဆုရှင် နဲ့ LGBT တက်ကြွလှုပ်ရှားသူ ဂျော့ လောဂန်နစ် (Greg Louganis) က ဂျော်ဒန်နဲ့ ဆုံခဲ့တုန်းကလည်း ဂျော်ဒန်ကို လောဂန်နစ်အငယ်စားလေး (Little Louganis) လို့တောင် ခေါ်ဝေါ်ခဲ့ပါတယ်။
ဂျော်ဒန်က အိုလံပစ်ပြိုင်ပွဲထဲ ဝင်ရောက်နိုင်ဖို့အတွက် အိုလံပစ်အရည်အချင်းစစ်ပွဲ (၃) ခုမှာ အစစ်ဆေးခံခဲ့ရပါတယ်။ အဲဒီနောက်မှာ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ဖို့ အရည်အချင်းပြည့်မီခဲ့တဲ့အတွက် ဂျော်ဒန်က (၁၅) နှစ်တာ မက်ခဲ့ရတဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဂျော်ဒန်က ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံကိုယ်စားပြုဒိုင်ဗင်သမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာတော့ ကမ္ဘောဒီးယားနိုင်ငံကိုယ်စားပြုအနေနဲ့ ခံယူထားပါတယ်။ သူ ဒိုင်ဗင်ထိုးတဲ့အချိန် လူတွေ မြင်နိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံအလံကိုလည်း သူ့ရဲ့လက်မောင်းမှာ တက်တူးထိုးထားပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဂျော်ဒန်က မီတာ ၁၀၀ ဒိုင်ဗင်ထိုးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အထိ ဝင်ရောက်ခဲ့ပြီး နံပါတ် (၉) နေရာရရှိသွားခဲ့ပါတယ်။
ဂျယ်ရီနဲ့ ဂျော်ဒန်တို့ သားအဖရဲ့ဇာတ်လမ်းကို ၂၀၁၁ခုနှစ်က သူတို့ကိုယ်တိုင်ရေးသားခဲ့တဲ့ ကလေးစာအုပ်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ An Orphan No More: The True Story of a Boy ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ပါ။
Ref: Brightside “A Single Gay Dad Adopted an ILL Child and Raised an Olympic Champion”
WL (ရိုးရာလေး)