တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ကာကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြော

22-10-2021yyl01.jpg

တရုတ်နိုင်ငံက ထိုင်ဝမ် ( တရုတ် – တိုင်ပေဟုလည်း ခေါ်ဆို) ကို တိုက်ခိုက်လာရင် အမေရိကန်နိုင်ငံက ကာကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ ကာလရှည်ကျင့်သုံးလာတဲ့ နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကနေ သွေဖယ်သွားပုံရတဲ့ စကားလုံးပါ။ ဒါပေမဲ့ ဂျိုးဘိုင်ဒင်ရဲ့ပြောကြားချက်က မူဝါဒပြောင်းလဲပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလို့ နောက်ပိုင်းမှာတော့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အောက်တိုဘာလ ၂၁ ရက်က ဘာတီမိုးမြို့မှာ ကျင်းပခဲ့တဲ့ CNN town hall အခမ်းအနားမှာ ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့တာပါ။ တရုတ်နိုင်ငံက အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ် တိုက်ခိုက်ခံရရင် ကာကွယ်သွားမလား၊ တရုတ်စစ်တပ်ရဲ့ စွမ်းဆောင်ရည်မြှင့်တင်နေမှုကို အမီလိုက်ဖို့ ဘယ်လို လုပ်မလဲလို့ CNN ရဲ့ အစီအစဉ်တင်ဆက်သူ အန်ဒါဆန်ကူးပါးက မေးခွန်းထုတ်ခဲ့ပါတယ်။

” ကာကွယ်ရမှာပေါ့။ တရုတ်စစ်တပ် အင်အားကြီးထွားလာမလားဆိုတာ စိုးရိမ်စရာ မရှိပါဘူး။ အမေရိကန်စစ်တပ်က ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးဆိုတာကို တရုတ်ရော၊ ရုရှားရော၊ တစ်ကမ္ဘာလုံးရော သိကြပါတယ်” လို့ ဂျိုးဘိုင်ဒင်က ဖြေဆိုခဲ့တာပါ။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးမလားလို့ ဒုတိယအကြိမ် ထပ်မေးရာမှာ ဂျိုးဘိုင်ဒင်က ” ဟုတ်ကဲ့။ အဲဒီလို ကာကွယ်ပေးဖို့ ကတိကဝတ် ရှိပြီးသားပါ” လို့ ဖြေဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိပေမဲ့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ တစ်စိတ်တစ်ဒေသအဖြစ် ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးနေပါတယ်။ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကူညီပံ့ပိုးပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကတော့ မှတ်ချက်တစ်စုံတရာပေးခြင်း မရှိသေးပါဘူး။ ဂျိုးဘိုင်ဒင်ရဲ့ ပြောကြားချက်ဟာ ထိုင်ဝမ်အတွက် ဖိအားမဖြစ်စေသလို အဆင်ခြင်မဲ့ ထောက်ခံမှုမျိုးလည်း မဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတရုံးက ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲကို စစ်လေယာဉ် ဒါဇင်ပေါင်းများစွာ စေလွှတ်ပျံသန်းစေခဲ့လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တရုတ်အစိုးရနဲ့ ထိုင်ဝမ်အာဏာပိုင်တွေကြား တင်းမာမှုများ မြင့်တက်လျက်ရှိပါတယ်။ ၁၉၄၀ တစ်ဝိုက် ပြည်တွင်းစစ်ကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ ထိုင်ဝမ်ကို တရုတ်အစိုးရက ခွဲထွက်ထားတဲ့ ပြည်နယ်တစ်ခုအဖြစ် သဘောထားပေမဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ် ခံယူထားပါတယ်။

Ref: BBC “Biden says US will defend Taiwan if China attacks”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top