ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေကိုသာ ဝန်ထမ်းအဖြစ်ခန့်အပ်ထားတဲ့ ရေခဲမုန့်ဆိုင်

down01.jpg

ဒါးလတ်စ်မြို့ (Dallas) က ရေခဲမုန့်ဆိုင်ရဲ့ စီးပွားရေးက တော်တော်လေးအောင်မြင်ပါတယ်။ ဒါက အဲဒီဆိုင်ရဲ့ ထူးကဲတဲ့ရေခဲမုန့်အရသာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဝန်ထမ်းတွေကလည်း ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီဆိုင်က Howdy Homemade ဆိုတဲ့ရေခဲမုန့်ဆိုင်လေးဖြစ်ပြီး အသက် (၁၆) ကနေ (၃၁) နှစ် အရွယ် ဝန်ထမ်း (၁၃) ယောက်နဲ့ ဖွင့်ထားတဲ့ ဆိုင်လေးပါ။ ထူးခြားတာက အဲဒီဝန်ထမ်းတွေအားလုံးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအားနည်းနေတဲ့သူတွေဆိုတာပါပဲ။

ကုမ္ပဏီတည်ထောင်သူ တွမ် လန်ဒစ်စ် (Tom Landis) က Howdy Homemade ဆိုင်လေးကို ဖွင့်ခဲ့တုန်းက ဒေါင်းဆင်ဒရုန်း (Down Syndrome) နဲ့ အော်တစ်ဆင် (Autism) ရောဂါသည်တွေကို ဝန်ထမ်းအဖြစ် ခန့်မယ်ဆိုတဲ့အကြံတစ်ခုပေါ်လာခဲ့တာပါ။

လန်ဒစ်စ်က စားသောက်ဆိုင် (၁၂) ဆိုင်ကျော်ကျော်လောက် ဖွင့်ထားပြီပါပြီ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းတဲ့အဖွဲ့အစည်းမှာ အလုပ်လုပ်ရင်း အတွေ့အကြုံတွေလည်းရခဲ့ပါတယ်။ သူတို့ဟာ အလုပ်ရဖို့အခက်အခဲရှိနေတယ်ဆိုတာကိုလည်း သူတို့ဆီကနေ ကြားခဲ့ရပါတယ်။

“ကျွန်တော်တို့ လုပ်ချင်ခဲ့တဲ့အရာက နေရာတစ်ခုဖန်တီးပေးဖို့ပါ။ စားသောက်ဆိုင်က အရာမှန်သမျှက အဲဒီလူတွေ အောင်မြင်ဖို့အတွက်ပါပဲ။ သူတို့က ရင်းနှီးဖော်ရွေပြီး ဧည့်ဝတ်လည်းကျေပွန်ကြပါတယ်” လို့ လန်ဒစ်စ်က ပြောခဲ့ပါတယ်။

Howdy Homemade ရဲ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အန်နီ မာရစ် ကာရီကန် (Anne Marie Carrigan) က အလုပ်မရှာနိုင်တာက ဒီကမ္ဘာမှာ သူ့အတွက်နေရာမရှိဘူးလို့ ခံစားရစေကြောင်းပြောပါတယ်။ အခုဆိုရင် သူနဲ့အခြားဝန်ထမ်းတွေက အရသာမျိုးစုံနဲ့ ရေခဲမုန့်အမျိုးအစား (၃၄) ခုကို လုပ်ရင်း နေ့တိုင်းအချိန်ကုန်နေရပါပြီ။

သူတို့ကို Howdy Homemade က ပေးတဲ့အခွင့်အရေးကို တကယ်တန်ဖိုးထားကြောင်း၊ ရေခဲမုန့်လုပ်တဲ့သူအဖြစ် သူ့ရဲ့အလုပ်ကနေ ဘဝရဲ့အရေးကြီးတဲ့သင်ခန်းစာတွေလည်း ရခဲ့ကြောင်း၊ အသက်ရှင်နေထိုင်ဖို့ တိုက်တန်တဲ့အတွက် ကိုယ်မြတ်နိုးတဲ့အရာကို သိအောင်လုပ်ပြီး ဖြစ်အောင်လုပ်သင့်ကြောင်း၊ ကုမ္ပဏီပိုင်ရှင်လန်ဒစ်စ်ကလည်း ဝန်ထမ်းတွေကို ဘယ်လိုအလုပ်လုပ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အသိပညာတွေပေးကြောင်း အန်နီက ပြောပါတယ်။

Ref: ABCNews “Ice cream shop in Dallas gives teens, adults with special needs work experience”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top