ဒေဝါလီခံရလုဆဲဆဲ အစိုးရကြောင့် ကျန်းမာရေးစနစ် ပြိုလဲမှာကို စိုးရိမ်နေရတဲ့ သီရိလင်္ကာနိုင်ငံ

19-4-2022-yyl-04.jpg

သီရိလင်္ကာနိုင်ငံရဲ့ ဆေးရုံတွေမှာတော့ ဆေးဝါးတွေနဲ့ မရှိမဖြစ် ပစ္စည်းတွေ ပြတ်လပ်နေလို့ စိုးရိမ်ပူပန်နေကြပါတယ်။ နိုင်ငံတကာ အကူအညီတွေ အချိန်မီ ရောက်မလာရင် ကျန်းမာရေးကပ်ဘေးဆိုက်မှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေရတယ်။ နိုင်ငံခြားငွေ ပြတ်လပ်နေတယ်၊ လောင်စာဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ဈေးတက်ကုန်တယ်၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်တယ်။ ဆန္ဒပြပွဲတွေဖြစ်ပြီး အစိုးရဝန်ကြီးတစ်ဖွဲ့လုံး နုတ်ထွက်သွားတယ်။ ဒါပေမဲ့ ပြည်သူတွေ မကျေနပ်တဲ့ ဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာနဲ့ သမ္မတ ဂိုတာဘာယာ ညီအစ်ကို ၂ ယောက်ကတော့ ရာထူးမှာ ဆက်ရှိနေကြတယ်။

တစ်နေ့ထက်တစ်နေ့ ဆေးဝါးနဲ့ မရှိမဖြစ်ပစ္စည်းတွေ ပြတ်လပ်လာလို့ ခွဲစိတ်ဆရာဝန်တွေက ပစ္စည်းစာရင်းမှတ်ရင်း အလုပ်ရှုပ်နေကြတယ်။ နိုင်ငံတကာအကူအညီ မြန်မြန်မရဘူးဆိုရင် ကျန်းမာရေးစနစ် ပြိုလဲသွားမှာစိုးရိမ်ရတယ်လို့ ကိုလံဘိုဆေးရုံက ဒေါက်တာ ဂါနက်ဆီကရမ်က ပြောတယ်။ ဆေးဝါး၊ ပစ္စည်းတွေ ပြတ်လပ်လာလို့ မဖြစ်မနေ လုပ်ရမယ့် ခွဲစိတ်ကုသမှုတွေကိုပဲ လုပ်ပြီး တခြားခွဲစိတ်ကုသမှု အားလုံးကို ရပ်နားထားရတယ်။

အခုချိန်မှာ တချို့ဆေးဝါးတွေက ငွေပုံပေးရင်တောင် သီရိလင်္ကာမှာ ဝယ်လို့မရတော့တဲ့ အခြေအနေဖြစ်နေပြီ။ အစိုးရက ဒေဝါလီခံရမယ့်အခြေအနေဖြစ်နေပြီး ပြည်ပကြွေးမြီတွေ ပြန်ဆပ်မယ့်ကိစ္စကိုလည်း ဆိုင်းငံ့ထားတယ်။ လောင်စာဆီကို ခွဲတမ်းနဲ့ပဲ ပေးတော့တယ်။ ကားဆီထည့်ဖို့ တန်းစီရတဲ့ လူတန်းက မနည်းမနောပဲ။ တန်းစီနေရသူတွေထဲမှာ ဆေးရုံက ဆရာဝန်တွေလည်း ပါတယ်။ အစိုးရရဲ့အသုံးစရိတ်ကို ကန့်သတ်လိုက်လို့ ဆေးရုံဝန်ထမ်းတွေရဲ့ အချိန်ပိုကြေးကို လျှော့ချလိုက်တယ်။

ဒါပေမဲ့ နိုင်ငံခြားငွေ ရှားပါးပြီး ကုန်ပစ္စည်းတင်သွင်းမှုတွေ ပြတ်လပ်ကုန်လို့ ကုန်ဈေးနှုန်းတွေက အဆမတန် ထိုးတက်နေတာကြောင့် တော်တော်များများက စားဝတ်နေရေးအခက်အခဲတွေ ရင်ဆိုင်နေရတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆေးရုံတွေမှာ တော်တော်ဒုက္ခရောက်တယ်။ တခါတလေဆိုရင် ဖုန်းမီးနဲ့ ခွဲစိတ်ရတာမျိုးတောင် ရှိတယ်လို့ သတင်းတွေက ဖော်ပြတယ်။ ဒါတင်မကဘူး။ နှာခေါင်းပိုက်လို တစ်ခါသုံးပစ္စည်းမျိုးတွေတောင် ပြန်သုံးနေရတဲ့ အနေအထား ဖြစ်နေတယ်။

ဆေးဝါးနဲ့ မရှိမဖြစ်ပစ္စည်းတွေ ရှားပါးပြတ်လပ်မှုကြောင့် လူသေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတဲ့ သတင်းတွေတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူသေဆုံးမှုက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု (လူ ၂၂ သန်း နေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူ ၁၆၀၀၀ ကျော် သေဆုံးခဲ့)ထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားကြတယ်။

ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်း ရပ်တန့်သွားတာနဲ့ ပြည်ပငွေလွှဲ ဝင်ရောက်မှု နည်းပါးသွားချိန်မှာ သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံခြားငွေ ရှားပါးမှုပြဿနာ စတင်ခဲ့တာပါ။ နိုင်ငံခြား အရန်ငွေ ပြတ်လပ်နေချိန်မှာ ပြည်ပကြွေးမြီက ဒေါ်လာ ၂၅ ဘီလျံ ပေးရမယ်။ အဲဒီအထဲမှာ ဒေါ်လာ ၇ ဘီလျံက ဒီနှစ်အတွင်း ပေးရမှာပါ။ အစိုးရကတော့ ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ မှာယူတင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားတယ်။ ပြည်သူတွေကလည်း ရာဂျာပါဆာညီအစ်ကို ၂ ယောက် ရာထူးကဆင်းပေးဖို့ နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြတယ်။ သူတို့ကတော့ အာဏာစွန့်လွှတ်ဖို့ ငြင်းဆန်နေဆဲ. . . .။

Ref: BBC & AP

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top