အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဆိုင်ရာလက်ရေးစာမူကို ဒေါ်လာ ၁၅ သန်းကျော်နဲ့ လေလံတင်ရောင်းချခဲ့

24-11-2021yyl3.jpg

ယေဘုယျနှိုင်းရသီအိုရီကို ဖော်ထုတ်ခဲ့တဲ့ အိုင်းစတိုင်းရဲ့ ရှားပါးလက်ရေးစာမူကို ဒေါ်လာ ၁၅ သန်းကျော် (ယူရို ၁၃.၃ သန်းကျော်) နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်လို့သိရပါတယ်။ စာမျက်နှာ ၅၄ မျက်နှာပါတဲ့ လက်ရေးမှတ်တမ်းက အိုင်းစတိုင်းရဲ့နှိုင်းရသီအိုရီဖြစ်ပေါ်လာဖို့အတွက် တွက်ချက်ထားတာတွေဖြစ်ပါတယ်။ ကော်ပီ ၂ စုံထဲက တစ်စုံကို နိုဝင်ဘာ ၂၃ ရက်နေ့ ညနေခင်းက ပါရီမြို့ရှိ Christie’s auction house မှာ ရောင်းချခဲ့တာပါ။ ဒေါ်လာ ၂.၄ သန်းကနေ ဒေါ်လာ ၃.၅ သန်းအထိ လေလံစွဲဖို့ မျှော်မှန်းထားခဲ့တာပါ။ ဒီလက်ရေးစာမူကို တရားရေးဆိုင်ရာ ရောင်းချမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ရောင်းချခဲ့ပြီး အထူးတရားရေးကော်မရှင်အဖွဲ့ဝင်တစ်ယောက်က ဒါကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရပါတယ်။ အမည်မသိဝယ်သူတစ်ဉီးက ဖုန်းကနေတဆင့် ဒီလက်ရေးစာမူကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

“ဒါဟာ လေလံတင်ရောင်းချဖို့ရောက်လာတဲ့ အိုင်းစတိုင်းရဲ့ တန်ဖိုးအကြီးဆုံး စာမူဖြစ်တယ်”လို့ Christie’s က ပြောကြားခဲ့ပါတယ်။ အထင်ကရ ဂျာမန်ရူပဗေဒပညာရှင်အိုင်းစတိုင်းက လက်ရေးစာမူကို သူ့ရဲ့သူငယ်ချင်း ဆွဇ်ဇာလန်အင်ဂျင်နီယာ မီချယ်လီ ဘတ်ဆို (Michele Besso) နှင့်အတူ ဇူးရစ်မြို့မှာ ၁၉၁၃ခုနှစ် ဇွန်လ ကနေ ၁၉၁၄ ခုနှစ်အစောပိုင်းအထိ တွဲဖက်ရေးသားခဲ့တာဖြစ်တယ်လို့ Christie’s အရ သိရပါတယ်။

ဒီကော်ပီက နောက်ဆုံးမူကြမ်းမဟုတ်ပေမဲ့ Einstein-Besso လက်ရေးစာမူက ဖြေရှင်းချက်တွေနဲ့ အမှားအယွင်းတွေပါတဲ့ တွက်ချက်မှုတွေကို ပြသနေပါတယ်။ ရွေ့လျားမှုရဲ့ နှိုင်းယှဉ်မှုဆိုင်ရာ ညီမျှခြင်းတွေက မှန်ကန်ကြောင်း သက်သေပြခဲ့တဲ့အခါ အိုင်းစတိုင်းက စာမျက်နှာတွေထဲက စာမျက်နှာတစ်ခုရဲ့ဘေးမျဉ်းကွက်လပ်မှာ “Stimmit” (အလုပ်ဖြစ်တယ်) လို့ ဂျာမန်လို့ ရေးသားခဲ့ပါတယ်။

စာရွက်စာတမ်းမှာ အမှားအယွင်းများပါနေပေမဲ့ ဒါက အိုင်းစတိုင်းရဲ့ယေဘုယျနှိုင်းရသီအိုရီဖော်ထုတ်မှုပါပဲ။ နောက်ဆုံးသီအိုရီကို Einstein-Besso လက်ရေးစာမူပြီးတဲ့နောက် တစ်နှစ်ခန့်အကြာ ၁၉၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ လက်ရေးစာမူမှာ အိုင်းစတိုင်းရဲ့ လက်ရေး ၂၆ မျက်နှာ၊ ဘတ်ဆို ရဲ့လက်ရေး စာမျက်နှာ ၂၅ မျက်နှာနဲ့ နှစ်ယောက်အတူတူရေးသားထားတဲ့ စာမျက်နှာ (၃) မျက်နှာပါဝင်ပါတယ်။ အချို့အပိုင်းတွေက စုတ်ပြဲသွားပြီး စာမျက်နှာတွေက သံချေးအစွန်းအထင်းတွေရှိနေတယ်လို့ Christie’s အရ သိရပါတယ်။

အိုင်းစတိုင်းနဲ့ ဘတ်ဆိုတို့က Swiss Federal Institute of Technology မှာ ကျောင်းတက်ကြရင်း ကျောင်းဖျော်ဖြေပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး သူငယ်ချင်းတွေဖြစ်လာခဲ့တာပါ။ အဲဒီကျောင်းမှာ အိုင်းစတိိုင်းက ရူပဗေဒကို လေ့လာပြီး ဘတ်ဆိုက အင်ဂျင်နီယာပညာရပ်ကို လေ့လာခဲ့တာပါ။ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့တဲ့ အိုင်းစတိုင်းက သူ့ရဲ့လုပ်ဆောင်ချက်အများစုကို ဖျက်ဆီးပစ်လေ့ရှိတဲ့သူလို့ လူသိများခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ဆိုက ဒီလက်ရေးစာမူကို သားစဉ်မြေးဆက်အတွက် ထိန်းသိမ်းထားခဲ့ပါတယ်။

Ref: ABCNews “Rare Einstein manuscript on theory of relativity auctioned for over $15M in Paris”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top