ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်က ခန့်အပ်ခံရပြီး နာရီပိုင်းအကြာမှာ ရာထူးက နုတ်ထွက်

sweden.jpg

ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟာ ရာထူးခန့်အပ်ခံရပြီး နာရီပိုင်းအကြာမှာပဲ နုတ်ထွက်သွားခဲ့ပါတယ်။ အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအရ ရှုံးနိမ့်ခဲ့ပေမဲ့ ဆွီဒင်နိုင်ငံရဲ့ဥပဒေအရ လွှတ်တော်အမတ် ၃ ပုံ၊ ၂ ပုံက ကန့်ကွက်မဲ မပေးရင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမှာဖြစ်လို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ အန်ဒါဆန်နဲ့ ညွန့်ပေါင်းဖွဲ့ထားတဲ့ပါတီက အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပြီး သူ တင်ပြထားတဲ့ ဘတ်ဂျက်ကလည်း လွှတ်တော်ရဲ့ ခွင့်ပြုချက် မရခဲ့ပါဘူး။ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ လက်ယာစွန်းရောက်ပါတီ ပါဝင်တဲ့ အတိုက်အခံအဖွဲ့ ရေးဆွဲထားတဲ့ ဘတ်ဂျက်ကိုပဲ လွှတ်တော်က မဲခွဲအတည်ပြုခဲ့ပါတယ်။

”ရာထူးက နုတ်ထွက်ချင်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌကို ကျွန်မ ပြောပြီးပါပြီ”လို့ အန်ဒန်ဆန်က ပြောပါတယ်။ ဒါပေမဲ့ တစ်ပါတီအစိုးရခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ဖြစ်လာအောင် ကြိုးစားနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက အမျိုးသမီးတွေကို မဲပေးခွင့်ပြုခဲ့တဲ့ ဆွီဒင်နိုင်ငံဟာ နော်ဒစ်ဒေသနိုင်ငံတွေထဲမှာ (အန်ဒါဆန်မတိုင်ခင်တုန်းက) အမျိုးသမီးတစ်ဦးကို ဝန်ကြီးချုပ် မခန့်အပ်ဖူးတဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။

အန်ဒါဆန်ဟာ အတိုက်အခံ Left ပါတီနဲ့ ၁၁ နာရီကြာ ဆွေးနွေးခဲ့ပြီး ဆွီဒင်ပြည်သူ အများအပြားအတွက် ပင်စင်ခံစားခွင့် တိုးမြှင့်ပေးမယ်လို့ သဘောတူညီခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ သူဟာ ညွန့်ပေါင်းပါတီဖြစ်တဲ့ Greens ပါတီနဲ့ the Centre ပါတီရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါတယ်။

အငယ်တန်းရေကူးချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့ အန်ဒါဆန်ဟာ ၁၉၉၆ ခုနှစ်မှာ ဝန်ကြီးချုပ် ( ဟောင်း) ဂိုရန်ပါဆန်ရဲ့ နိုင်ငံရေးအကြံပေးအဖြစ် နိုင်ငံရေးလောကထဲကို ရောက်ရှိလာခဲ့တာပါ။ လွန်ခဲ့တဲ့ ၇ နှစ်ကစပြီး ဆွီဒင်အစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

Ref: BBC “Sweden’s first female PM resigns hours after appointment”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top