ဇာခ် ဂိုဂယာနီ (Zak Khogyani) ဟာ လေယာဥ်တွေကို သဘောကျနှစ်ခြိုက်ရင်းနဲ့ ကြီးပြင်းလာခဲ့တာပါ။ ၁၉၂၄ခုနစ်မှာ လေယာဥ်မောင်းသင်ယူခဲ့တဲ့ သူ့ရဲ့အဘိုးဖြစ်သူက အာဖဂန်နစ္စတန်မှာ ပထမဆုံး လေယာဥ်မှူးတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ အဲဒါကြောင့်ပဲ ဇာခ်က လေယာဥ်တွေကို စိတ်ဝင်စားလာခဲ့ပါတယ်။ လေယာဥ်ပုံစံငယ်တွေ တည်ဆောက်ရတာနဲ့ အဲဒါတွေကို အဝေးကနေ ကြည့်ရတာကို မြတ်နိုးခဲ့တယ်။
မိဘတွေနဲ့အတူ လေယာဥ်စီးတဲ့အခါ ဇာခ်က တစ်ခါတလေ လေယာဥ်မှူးတွေနဲ့အတူ လေယာဥ်ခေါင်းခန်းထဲမှာ အချိန်ကုန်သွားတတ်ပါတယ်။ ဒါပေမဲ့ လေယာဥ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်မဖော်နိုင်ခင်မှာပဲ ဇာခ်နဲ့ သူ့မိသားစုဟာ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးခဲ့ရပါတယ်။ သူ့ရဲ့ဖခင်က နိုင်ငံရေးသမားတစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ ဆိုဗီယက်တွေ နိုင်ငံကို ကျူးကျော်ဝင်ရောက်လာစဥ် ပစ်မှတ်ထားခံခဲ့ရပါတယ်။

သူတို့မိသားစု နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားရင်း အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရတယ်။ တီဟီရန်ကို ထွက်ပြေးခဲ့ပြီး အီရန်ကို ရောက်တဲ့အခါ သူ့အဖေနဲ့ ဆုံစည်းခွင့်ရခဲ့တယ်။ နောက်တော့ အမေရိကန်ကို သွားဖို့ လမ်းကြောင်းတွေ့ခဲ့တယ်။ အမေရိကန်မှာ နေထိုင်ရင်းနဲ့ ဇာခ်က ကိုယ်ပိုင်မိသားစုထူထောင်ခဲ့ပြီး လေယာဥ်မှူးဖြစ်ချင်တဲ့ သူ့အိပ်မက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အခုတော့ ဇာခ်က ဖီးနစ်က်စ် (Phoenix)မှာ နေထိုင်ပြီး လေယာဉ်မောင်းတာ ၂၇ နှစ် ရှိပါပြီ။ အဲဒီနှစ်တွေတစ်ဝက်ကျော်ကတော့ United Airlines နဲ့ လက်တွဲမောင်းနှင်ခဲ့ပါတယ်။ နေရာအသစ်တွေသွားပြီး မိတ်ဆွေအသစ်တွေနဲ့ ဆုံတွေ့ရတာ ကြိုက်တယ်လို့ ဇာခ်က ဆိုပါတယ်။
၂၀၂၁ခုနစ်နွေရာသီမှာတော့ ဇာခ်ဟာ ဘဝအပြောင်းအလဲဖြစ်စေတဲ့ လေယာဥ်ခရီးစဥ်ကို တာဝန်ယူခဲ့ရပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းယူလိုက်တဲ့အချိန် United Airlines က ဒုက္ခသည်တွေကို အမေရိကန်ဆီ ပို့ဆောင်ပေးဖို့ ကူညီခဲ့ရပါတယ်။ ဇာခ်ဟာ ငယ်စဥ်က နေထိုင်ခဲ့တဲ့ အာဖဂန်နစ္စတန်က လူတွေကို ခေါ်ယူပို့ဆောင်ပေးနိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။ ဇာခ်က အာဖဂန်နစ္စတန်ဒုက္ခသည်တွေကို ခေါ်ယူဖို့ အသွားအပြန်ခရီးစဥ် သုံးကြိမ်လိုက်ပါခဲ့ရပါတယ်။ တစ်ခါတလေ လေယာဥ်ခေါင်းခန်းကနေ၊ တစ်ခါတလေ ဘာသာပြန်ပေးဖို့အတွက် ခရီးသည်တွေရှိတဲ့အခန်းကနေ လိုက်ပါခဲ့ရပါတယ်။

လူတော်တော်များများအတွက် ခရီးသည်လေယာဥ်စီးရတာ ပထမဆုံးဖြစ်တဲ့အတွက် ရင်းနှီးကျွမ်းမဝင်တာတွေ၊ ဘာသာစကားအခက်အခဲတွေရှိနေခဲ့ပါတယ်။ ဇာခ်က အိမ်ကနေ ထွက်ပြေးရတာ ဘယ်လိုမျိုးလဲဆိုတာ သိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်မှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ခွင့်ရခဲ့ပါတယ်။ ဒုက္ခသည်တွေက သူတို့စကားပြောတတ်တဲ့ လေယာဥ်မှူးကိုတွေ့ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ အရာအားလုံးကို ထားရစ်ခဲ့ပြီး အဝတ်အနည်းငယ်နဲ့ ထွက်လာခဲ့ရတဲ့ ဒုက္ခသည်တွေကို အားပေးနှစ်သိမ့်ခွင့်ရလို့ ဇာခ်က ဝမ်းသာခဲ့ရပါတယ်။
လေကြောင်းလိုင်းက စေတနာ့ဝန်ထမ်း ၈၀၀၀ ကလည်း စားသောက်ကုန်တွေကို လှူဒါန်းရာမှာ ကူညီပေးခဲ့ပါတယ်။ ဒုတိယတစ်ခေါက်မှာ လေယာဥ်ပေါ်ကို ကလေးနို့ဗူးတွေ၊ ကလေးခါးတောက်ကျိုက်ပိတ်စတွေကို သယ်ဆောင်လာခဲ့ရတယ်။ တတိယအခေါက်မှာတော့ ခရီးသည်တွေအတွက် သူနာပြုတွေနဲ့ ဆေးပညာတွေ ပါလာခဲ့ပါတယ်။
လေယာဥ်အဖွဲ့သားတစ်ယောက်ချင်းစီကလည်း လေယာဥ်ပေါ်က ကလေးတွေအတွက် အရုပ်တွေ၊ သကြားလုံးထုတ်တွေ ယူလာခဲ့ပါတယ်။ ဘယ်တော့မှ မမေ့နိုင်စရာအမှတ်တရကတော့ ဘယ်လိုအခြေအနေရှိလဲသိရဖို့နဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ ကလေး ၅ ဦးကို တွေ့ရဖို့ လေယာဥ်အနောက်ဘက်မီးဖိုခန်းကို လျှောက်သွားကြည့်တော့ လေယာဥ်မောင်၊မယ်တွေက သူတို့လေးတွေကို ကျစ်ဆံမြီးကျစ်ပေးနေတာကိုပါတဲ့။
Ref: CBSNews “Pilot who fled Afghanistan as a boy helps fly more than 1,000 refugees to the U.S. decades later”
WL (ရိုးရာလေး)

