မွေးရပ်မြေမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် နာရေးကုန်ကျစရိတ်တွေ ပေးသွားမယ့် ကာဒီ ဘီ

19-2-2022-yyl16.jpg

နာမည်ကြီးအဆိုတော် ကာဒီ ဘီ (Cardi B) ဟာ အခုလအစောပိုင်းက သူ့ရဲ့မွေးရပ်မြေ The Bronx မှာ မီးလောင်မှုကြောင့် လူ (၁၇) ဉီးသေဆုံးခဲ့ရတယ်ဆိုတာကို ကြားသိရပြီးနောက် တစ်ခုခုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နာရေးအတွက် ကုန်ကျစရိတ်ခံပေးတာက သေဆုံးသူတွေရဲ့မိသားစုကို ကူညီပေးရာရောက်မယ်လို့ မျှော်လင့်ပြီး နာရေးကုန်ကျစရိတ်တွေ ပေးသွားမှာဖြစ်ပါတယ်။

နယူးယောက်ခ်မြို့တော်ဝန် အဲရစ် အာဒန် (Eric Adams) က မီးလောင်မှုအတွင်း အသက်ပေးလိုက်ရတဲ့သူတွေအတွက် နာရေးစရိတ်ပေးဖို့အတွက် The Mayor’s Fund to Advance New York City အဖွဲ့အစည်းက ဂရမ်မီဆုရှင် ကာဒီဘီနဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ အဆိုတော်ကာဒီ ဘီက “ကျွန်မ the Bronx ကနေ လာခဲ့တာဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ အဲဒီမှာ နေထိုင်ပြီး အလုပ်လုပ်နေကြတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေတော်တော်များများရှိပါတယ်။ ဒါကြောင့် မီးလောင်တဲ့အကြောင်းနဲ့ အသက်ပေးလိုက်ရတဲ့သူအားလုံးအကြောင်း ကြားတဲ့အခါ တစ်ခုခုကူညီပေးဖို့ လိုအပ်ခဲ့တယ်ဆိုတာ ကျွန်မ သိခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

“အသက်ပေးခဲ့ရသူတွေရဲ့မိသားစုတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ နာကျင်မှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို တွေးကြည့်လို့တောင်မရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ချစ်မြတ်နိုးရသူတွေကို မြေမြှုပ်သဂြိုဟ်ပေးတာနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်အတွက် စိုးရိမ်ပူပန်မှုတွေမရှိတာက သူတို့ ရှေ့ဆက်ပြီး နာကျင်မှုတွေကုစားနိုင်ဖို့အတွက် အကူအညီဖြစ်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဒီစိတ်မကောင်းစရာဖြစ်ရပ်ကို ခံစားခဲ့တဲ့လူတိုင်းနဲ့ ထပ်တူထပ်မျှဝမ်းနည်းပူဆွေးရပါတယ်” လို့ ကာဒီ ဘီက ဆက်လက်ပြောကြားခဲ့ပါတယ်။

ကာဒီ ဘီက ဂမ်ဘီရာနိုင်ငံမှာ မြေမြှုပ်မယ့် သေဆုံးသွားသူတချို့အတွက် ကုန်ကျစရိတ်ကိုလည်း ပေးသွားမှာဖြစ်ပါတယ်။ မြို့တော်ဝန် အာဒန်က ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အခုလိုပံ့ပိုးကူညီပေးတဲ့အတွက် ကာဒီ ဘီကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “သေဆုံးသွားသူတွေရဲ့မိသားစုတွေအတွက် အရေးကြီးတဲ့ငွေကြေးဆိုင်ရာသက်သာခွင့်တွေပေးတဲ့အတွက် ကျွန်တော်တို့ ကာဒီ ဘီကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့မြို့က ကာဒီ ဘီကိုရော ဒီလိုခက်ခဲတဲ့အချိန်အတွင်း လိုအပ်နေတဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေအတွက် ချက်ချင်းပံ့ပိုးလှူဒါန်းပေးကြတဲ့ အလှူရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ပေးကြသူတွေကိုပါ ထာဝရကျေးဇူးတင်နေမှာပါ” လို့ ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့က The Bronx မှာ တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ရမှ လူ (၁၇) ဉီး သေဆုံးခဲ့ပြီး အိမ်ရာမဲ့ဖြစ်သွားခဲ့သူ အများအပြားရှိခဲ့ပါတယ်။

Ref: ABCNews “Cardi B to pay funeral costs for victims of tragic Bronx fire: ‘I needed to do something to help'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top