တရုတ်ရေတပ်သင်္ဘောက သြစတြေးလျတိုက်လေယာဉ်ကို လေဆာရောင်ခြည်နဲ့ထိုးခဲ့တယ်လို့ ဆို

19-2-2022-yyl1.jpg

တရုတ်ရေတပ်သင်္ဘောက သြစတြေးလျတိုက်လေယာဉ်တစ်စင်းကို စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့် ထိုးခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က သြစတြေးလျနိုင်ငံမြောက်ပိုင်း အေရာဖူရာပင်လယ်ထဲမှာ တရုတ်သင်္ဘော ခုတ်မောင်းနေတုန်း လေဆာရောင်ခြည်နဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။

” ဒီလိုလုပ်ရပ်မျိုးက အသက်အန္တရာယ် ဖြစ်စေနိုင်တယ်။ စစ်ဘက်ဆိုင်ရာအရ ပရော်ဖက်ရှင်နယ် မကျတဲ့၊ ဘေးဖြစ်စေနိုင်တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ လေဆာရောင်ခြည်နဲ့ ထိုးခံရတဲ့ လေယာဉ်ဟာ ရေငုပ်သင်္ဘောတွေကို ရှာဖွေနိုင်တဲ့ ဆင်ဆာနဲ့ လက်နက်စနစ်တွေ တပ်ဆင်ထားတဲ့ ရေကြောင်းကင်းလှည့်လေယာဉ်အမျိုးအစား Boeing P-8A Poseidon ဖြစ်တယ်လို့ သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ သြစတြေးလျရဲ့ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အငြင်းပွားစရာကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ သြစတြေးလျနိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ အရင်တုန်းကလည်း တရုတ်သင်္ဘောတွေကနေ လေဆာရောင်ခြည်နဲ့ထိုးတဲ့ အလားတူဖြစ်ရပ်မျိုး ရှိခဲ့ဖူးတယ်လို့ သြစတြေးလျမီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်နိုင်ငံက သူတို့ရဲ့ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ သြစတြေးလျက စွပ်စွဲခဲ့ပြီး သြစတြေးလျနိုင်ငံရဲ့ နည်းပညာအခြေခံအဆောက်အအုံ ဆောက်လုပ်မှုမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို ပါဝင်ဆောင်ရွက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ လုံခြုံရေးမဟာမိတ်အဖွဲ့သစ် ဖွဲ့စည်းမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး လက်နက်ပြိုင်ဆိုင်မှုကို အားကောင်းစေတယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံက မှတ်ချက်ပေးခဲ့ဖူးပါတယ်။

Ref: BBC “Australia accuses China of shining laser at warplane”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top