အနောက်အုပ်စုကုမ္ပဏီတွေရဲ့ လေယာဉ်ရာပေါင်းများစွာကို သိမ်းယူဖို့ ရုရှား လုပ်ဆောင်နေ

18-2-2022-yyl01.jpg

အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ လေယာဉ်ရာပေါင်းများစွာကို သိမ်းယူဖို့ ရုရှားနိုင်ငံက လုပ်ဆောင်နေပါတယ်။ ဒါဟာ ယူကရိန်းကျူးကျော်စစ်ကြောင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခံထားရလို့ ရုရှားလေကြောင်းလုပ်ငန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။

ရုရှားလေကြောင်းလိုင်းတွေအနေနဲ့ ပြည်ပကုမ္ပဏီတွေထံကနေ ငှားရမ်းထားတဲ့ လေယာဉ်တွေကို ရုရှားနိုင်ငံမှာ မှတ်ပုံတင်စာရင်းသွင်းခွင့်ပြုတဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့တနင်္လာနေ့မှာ ရုရှားသမ္မတ ပူတင်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေအရ ရုရှားလေကြောင်းလိုင်းတွေဟာ ပြည်ပကုမ္ပဏီတွေထံကနေ ငှားရမ်းထားတဲ့ လေယာဉ်တွေကို ဆက်ထိန်းထားပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ အသုံးပြုခွင့် ရရှိမှာပါ။ ပြည်ပကုမ္ပဏီတွေအတွက်တော့ ရုရှားအစိုးရရဲ့ခွင့်ပြုချက်မရှိဘဲ လေယာဉ်တွေကို ပြန်လည်ရယူဖို့ ပိုခက်ခဲသွားစေမှာပါ။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့လို့ လေယာဉ်ငှားရမ်းပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ ရုရှားလေကြောင်းလိုင်းတွေထံ ငှားရမ်းပေးထားတဲ့ လေယာဉ်တွေကို အခုလကုန် နောက်ဆုံးထားပြီး ပြန်တောင်းရမှာပါ။ Airbus နဲ့ Boeing တို့လို အနောက်အုပ်စုပိုင် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေက သူတို့ရဲ့လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့၊ ဘေးအန ္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို ရုရှားလေကြောင်းလိုင်းတွေ ဝယ်ယူခွင့်မရအောင် ဖြတ်တောက်ခဲ့ပြီး ဖြစ်ပါတယ်။

ရုရှားလေကြောင်းလိုင်းတွေမှာ Airbus လေယာဉ် ၃၀၅ စင်း၊ Boeing လေယာဉ် ၃၃၂ စင်း ရှိနေတယ်လို့ လေကြောင်းပျံသန်းမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေးလုပ်ငန်းစု Cirium ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ရုရှားနိုင်ငံမှာ Bombardier၊ Embraer နဲ့ ATR တို့လို အနောက်အုပ်စုကုမ္ပဏီတွေက ထုတ်လုပ်ပြီး ဒေသတွင်းပြေးဆွဲနေတဲ့ လေယာဉ် ၈၃ စင်းလည်း ရှိနေပါတယ်။ ရုရှားလေကြောင်းလိုင်းတွေ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေထဲမှာ လေယာဉ် ၁၄၄ စင်းကိုပဲ ရုရှားနိုင်ငံမှာ တည်ဆောက်ခဲ့တာပါ။

(ရုရှားမှာရှိတဲ့) ပြည်ပထုတ် လေယာဉ်တွေထဲမှာ ၈၅ ရာခိုင်နှုန်းကို ငှားရမ်းတဲ့ကုမ္ပဏီတွေက ပိုင်ဆိုင်ထားတာဖြစ်ပြီး စုစုပေါင်းတန်ဖိုးက ၁၂.၄ ဘီလျံအထိ ရှိပါတယ်။ အဲဒီလေယာဉ်တွေ ရုရှားနိုင်ငံမှာ ဆက်ရှိနေရင် ငှားရမ်းတဲ့ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုပြန်လည်ရယူမလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ နောက်ထပ်အရေးယူပိတ်ဆို့မှုတွေအရ နိုင်ငံအများစုက ရုရှားလေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ပင်တားမြစ်ထားလို့ ရုရှားလေကြောင်းလုပ်ငန်းအတွက် ပြည်တွင်းခရီးစဉ်တွေက မရှိမဖြစ် လိုအပ်နေတဲ့ အခြေအနေပါ။

ကုန်းမြေထုအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံဟာ အမေရိကန်ထက် ၂ ဆကျယ်ဝန်းပါတယ်။ ရုရှားနိုင်ငံရဲ့ စီးပွားရေးကို ဆက်လည်ပတ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ လေကြောင်းလုပ်ငန်းကို လိုအပ်ပါတယ်။ ရုရှားဟာ ဝေးလံခေါင်သီတဲ့ နေရာက ရေနံတွင်းတွေကို အင်ဂျင်နီယာတွေ၊ လုပ်သားတွေ၊ စက်ကိရိယာတွေ ပို့ဆောင်ဖို့အတွက် လေကြောင်းခရီးစဉ်ကို မှီခိုအားထားနေရတာကြောင့် လေကြောင်းလုပ်ငန်းဟာ စီးပွားရေးအတွက် အရေးပါတဲ့ ချိတ်ဆက်မှု ဖြစ်နေပါတယ်။

အရေးယူပိတ်ဆို့မှုတွေကြောင့် ရုရှားစီးပွားရေး ထိုးနှက်မှု ကြုံနေရချိန်မှာ ပြည်တွင်းလေကြောင်းခရီး သွားလာမှုတွေကလည်း ကျဆင်းသွားမှာပါ။ ဒီတော့ ရုရှားလေကြောင်းလုပ်ငန်းအတွက် ကုမ္ပဏီတွေဆီကနေ ငှားရမ်းထားတဲ့ လေယာဉ်အားလုံးကို သိမ်းဆည်းဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ မသုံးဘဲ ပိုနေတဲ့ လေယာဉ်တွေကို အပိုပစ္စည်း ထုတ်ယူဖို့အတွက် အသုံးပြုလာဖွယ် ရှိပါတယ်။

ဒါပေမဲ့ စံချိန်စံညွှန်းမသိ၊ စက်အတွင်းပိုင်း သဘောတရားတွေ မသိဘဲနဲ့ အစားထိုး လဲလှယ်မယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ လေကြောင်းလုပ်ငန်းအဖြစ် ပုံဖော်နိုင်မှာ မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

Ref: CNN ” Russia moves to seize hundreds of planes from foreign owners”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top