ယူကရိန်းနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ ရုရှားရဲ့တောင်းဆိုချက်များ

18-2-2022-yyl03.jpg

ရုရှား – ယူကရိန်း စစ်ပွဲမှာ တူရကီနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရုရှားသမ္မတ ပူတင်က တူရကီသမ္မတ အာဒိုဝမ်ဆီ ဖုန်းဆက်ပြီး ယူကရိန်းနိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ ရုရှားဘက်က လိုလားချက်တွေကို တောင်းဆိုခဲ့တယ်။ ဖုန်းပြောဆိုမှုအပြီး နာရီဝက်အကြာမှာပဲ ဘီဘီစီသတင်းဌာနရဲ့ ကမ္ဘာ့ရေးရာ အယ်ဒီတာ ဂျွန်ဆမ်ပဆန်က အာဒိုဝမ်ရဲ့ ထိပ်တန်းအကြံပေး၊ ပြောရေးဆိုခွင့်ရှိသူ ကာလင်နဲ့ အင်တာဗျူးလုပ်ခဲ့တယ်။ ပူတင်နဲ့ အာဒိုဝမ်ရဲ့ ဖုန်းပြောဆိုမှုကို နားထောင်ခွင့်ရသူ လူတစ်စုထဲမှာ ကာလင်လည်း ပါတယ်။

ရုရှားရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖို့ မခက်ခဲတာနဲ့ လိုက်လျောဖို့ ခက်ခဲတာဆိုပြီး ၂ မျိုး ခွဲခြားရမှာပါ။ လိုက်လျောဖို့ မခက်ခဲတဲ့ တောင်းဆိုချက် ၄ ခုထဲမှာတော့ ယူကရိန်းနိုင်ငံက ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်သင့်ပြီး နေတိုးအဖွဲ့ထဲ မဝင်ဖို့ တောင်းဆိုထားတယ်။ ယူကရိန်းသမ္မတ ဇီလင်စကီးကိုယ်တိုင်ကလည်း နေတိုးအဖွဲ့ထဲဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထုတ်ပြောပြီးသားပါ။ လိုက်လျောဖို့ မခက်ခဲတဲ့ တောင်းဆိုချက်တွေထဲမှာ တခြားတောင်းဆိုချက်တွေကတော့ ရုရှားနိုင်ငံက ဟန်ကိုယ့်ဖို့ ရည်ရွယ်ပုံပါပဲ။

ယူကရိန်းက ရုရှားအတွက် ခြိမ်းခြောက်မှုတစ်ရပ်မဟုတ်ဘူးဆိုတာ သေချာစေဖို့ လက်နက်ဖျက်သိမ်းရေးလုပ်ရမယ်။ ယူကရိန်းနိုင်ငံမှာ ရုရှားဘာသာစကား အသုံးပြုတာကို မပျောက်ပျက်အောင် ကာကွယ်ပေးထားရမယ်။ နာဇီဝါဒ တိုက်ဖျက်ရမယ်ဆိုတဲ့ အချက်လည်း ပါတယ်။ ဒီအချက်ကတော့ သမ္မတဇီလင်စကီးကို စော်ကားလိုက်သလိုပါပဲ။ ဇီလင်စကီးက ဂျူးလူမျိုးဖြစ်ပြီး Holocaust ဖြစ်ရပ်မှာ သူ့ရဲ့ဆွေမျိုးသားချင်းတွေလည်း သေဆုံးခဲ့ရဖူးပါတယ်။ ဒါပေမဲ့ တူရကီကတော့ ဇီလင်စကီးအတွက် ဒီအချက်ကို လိုက်လျောဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။ နာဇီတွေအပေါ် ထောက်ခံအားပေးတဲ့ပုံစံမျိုးစုံကို ယူကရိန်းနိုင်ငံက ရှုတ်ချပြီး နှိမ်နင်းသွားမယ်လို့ ကတိပြုရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး သဘောတူညီမှု မယူခင် ယူကရိန်းသမ္မတ ဇီလင်စကီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ဇီလင်စကီးကလည်း ပူတင်နဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ဆိုခဲ့ဖူးပါတယ်။ လိုက်လျောဖို့ ခက်ခဲတဲ့ တောင်းဆိုချက်တွေကို ကာလင်က အကျယ်တဝင့် ပြောခဲ့ခြင်းမရှိပါဘူး။ အဲဒီတောင်းဆိုချက်တွေထဲမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသရဲ့ ရပ်တည်ချက်နဲ့ အရှေ့ပိုင်းဒေသတွေရဲ့ ရုရှားလိုလားမှု၊ ခရိုင်းမီးယားဒေသရဲ့ ရပ်တည်ချက် စတဲ့အချက်တွေ ပါဝင်နေပါတယ်။

ကာလင်က အသေးစိတ်မပြောခဲ့ပေမဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒေသတွေကို လက်လွှတ်ပေးဖို့ ရုရှားနိုင်ငံက ယူကရိန်းအစိုးရက တောင်းဆိုဖွယ်ရှိပါတယ်။ ဒါကတော့ တော်တော်လေး အငြင်းပွားရမယ့်ကိစ္စပါ။ ၂၀၁၄ ခုနှစ်မှာ တရားမဝင် သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်အဖြစ် တရားဝင်လက်ခံပေးဖို့လည်း ရုရှားက တောင်းဆိုဖွယ်ရှိပါတယ်။ အဲဒီလိုသာ တောင်းဆိုခဲ့ရင်တော့ ဒီတောင်းဆိုချက်က ယူကရိန်းနိုင်ငံ လက်ခံဖို့ခက်ခဲတဲ့အကြောင်းအရာတစ်ရပ် ဖြစ်နေမှာပါ။

တကယ်တော့ ရုရှားဟာ ခရိုင်းမီးယားဒေသကို ပိုင်ဆိုင်ဖို့ ဥပဒေအရ အခွင့်အရေးမရှိသလို ခရိုင်းမီးယားက ယူကရိန်းပိုင်နက်ဖြစ်ပါတယ်လို့ တရားဝင်လက်ခံတဲ့ နိုင်ငံတကာသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးပြီးသားပါ။ သမ္မတ ပူတင် အာဏာမရခင်၊ ကွန်မြူနစ်ဝါဒ မပြိုလဲခင် ရုရှားက စာချုပ်ချုပ်ဆိုထားခဲ့တာပါ။ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးစာချုပ်အတွက် သဘောတူညီမှု ရယူနိုင်ခဲ့မယ်ဆိုရင်တော့ စာချုပ်ပါ အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ဂရုတစိုက် ပြင်ဆင်ရေးသားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် ပူတင် ဒါမှမဟုတ် သူ့နေရာကို ဆက်ခံမယ့်သူတွေကတော့ ယူကရိန်းကို နောက်တစ်ကြိမ် ကျူးကျော်မယ့် အကြောင်းပြချက်အဖြစ် အသုံးပြုလာနိုင်ပါတယ်။ လက်ရှိအချိန်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူနိုင်မယ်ဆိုရင်တောင် ငြိမ်းချမ်းရေးစာချုပ်ကို ပြင်ဆင်ဖို့တော့ အချိန်တော်တော်ကြာဦးမှာပါ။ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြို့တွေကို ယူကရိန်းနိုင်ငံက အချိန်ယူ ပြန်လည်တည်ဆောက်ရသလိုပေါ့။

တချို့တွေကတော့ ပူတင်ကို စိတ်ကယောက်ကယက် ဖြစ်နေသူ၊ စိတ်ကျန်းမာရေးပြဿနာရှိနေသူလို့ ဆိုကြပါတယ်။ ပူတင်နဲ့ အာဒိုဝမ်တို့ရဲ့ ဖုန်းပြောဆိုမှုကို နားထောင်ခဲ့တဲ့ ကာလင်ကတော့ အဲဒီသုံးသပ်ချက်တွေကို ငြင်းဆန်ခဲ့ပြီး ပူတင်က သူ ပြောသမျှစကားအားလုံးကို တိတိကျကျ၊ ပြတ်ပြတ်သားသား ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ ယူကရိန်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး အဲဒီအခြေအနေက နာဇီဝါဒအပေါ် အောင်ပွဲရမှုအဖြစ် ပုံဖော်နိုင်မယ်ဆိုရင်တောင် ရုရှားပြည်တွင်းမှာတော့ ပူတင်ရဲ့ ရပ်တည်ချက် အားနည်းသွားမှာ သေချာပါတယ်။ ပူတင်က မမှီတဲ့ပန်းကို တုံးခုပြီး လှမ်းချင်နေတယ်ဆိုတာ လူတွေ ပိုသဘောပေါက်လာကြပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် သေဆုံးခဲ့ရတဲ့၊ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သည်တွေရဲ့ သတင်းတွေကလည်း အလျင်အမြန်ကို ပျံ့နှံ့နေပါပြီ။

Ref: BBC ” Ukraine conflict: Putin lays out his demands in Turkish phone call “


Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top