ရုရုားကျူးကျော်စစ်အတွင်း ကြေကွဲဖွယ်ဖြစ်ရပ်မှန်ကို ပြသနေတဲ့ ၁၆ နှစ် ယူကရိန်းကောင်မလေးရဲ့ဒိုင်ယာရီ

4-4-2022-yyl-20.jpg

ယူကရိန်းနိုင်ငံမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေအတွင်း ပိတ်မိနေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ဦးရဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာ ဒိုင်ယာရီကို လူမှုကွန်ယက်ပေါ်မှာ မျှဝေလာခဲ့ပါတယ်။ အဲဒီဒိုင်ယာရီက ဗလာဒီမာပူတင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်မှန်ကို အသေးစိတ်ဖော်ပြနေပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း သူ့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို ချရေးဖြစ်ခဲ့တဲ့ အန်နီ ဖရန့်ခ် (Anne Frank) လိုပဲ ၁၆ နှစ်ကောင်မလေး ကတ်ရာ (Katya) ရဲ့ ဒိုင်ယာရီက သူ့ရဲ့မိခင်အပါအဝင် မိသားစုဝင်တွေရဲ့သေဆုံးတာကို ကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အသက်ဝင်လာခဲ့တာပါ။ ယူကရိန်းလူမျိုးအားကစားမယ် လီလီယာ ပေါ့ဒ်ကိုပါရီဗာ (Lilia Podkopayeva) က ကတ်ရာရဲ့ဇာတ်လမ်းကို သူ့ရဲ့အင်စတာဂရမ်ပေ့ချ်ရဲ့ Daily Entries မှာ တင်ပေးခြင်းဖြင့် ကူညီပေးခဲ့တာပါ။

“ဒုတိယကမ္ဘာစစ်အတွင်းက ကလေးငယ်တချို့က နာဇီတွေ သိမ်းပိုက်ထားတဲ့ မြို့တွေ၊ စခန်းတွေကနေ ဒိုင်ယာရီတွေ ရေးခဲ့ကြတာပါ။ သမိုင်းကြောင်းက ထပ်တလဲလဲဖြစ်နေပါတယ်။ ဒါက မြေအောက်ခန်းထဲမှာ အမေဆုံးပါးသွားခဲ့တဲ့ အသက် ၁၆ နှစ် ကောင်မလေးရဲ့ဒိုင်ယာရီပါလို့ လီလီယာက ရေးသားခဲ့ပါတယ်။ အဲဒီနောက် လီလီယာက ရုရှားကျူးကျော်သူတွေလက်မှာ ယူကရိန်းနိုင်ငံသားတွေ ခံစားနေရတဲ့ ထိတ်လန့်မှုအမှန်ကို ဖော်ပြထားတဲ့ ဒိုင်ယာရီရဲ့ ဘာသာပြန်ထားတဲ့ ကောက်နုတ်ချက်တွေကို တင်ပေးခဲ့ပါတယ်။

“နာကျင်​​နေတဲ့အချိန် အဲဒီခံစားချက်ကို မင်းသိလား။ ကျွန်မ တစ်ခါက ယောက်ျားလေးတစ်ယောက်ကို ချစ်မိခဲ့ပေမဲ့ သူကတော့ ကျွန်မ့ကို မချစ်ခဲ့ဘူး၊ အဲဒါက နာကျင်စေတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ရှေ့မှာ အမေ သေဆုံးသွားတာမြင်ရတာကမှ နာကျင်စရာအဖြစ်ပြောင်းသွားခဲ့တယ်။ ကျွန်မရဲ့မောင်လေးက အမေဆီသွားပြီးပြောတယ်။

“အမေ….မအိပ်နဲ့။ အရမ်းအေးခဲသွားလိမ့်မယ်”။ ကျွန်မတို့ အမေရဲ့အုတ်ဂူဆီ ဘယ်တော့မှ သွားလည်လို့ရမှာမဟုတ်ဘူး။ အမေက စိုစွတ်ပြီး မည်းမှောင်နေတဲ့ မြေအောက်ခန်းထဲမှာ ကျန်နေခဲ့တယ်။ အဲဒီမြေအောက်ခန်းမှာပဲ ကျွန်မတို့တွေ အိမ်သာသွားခဲ့ရတယ်။ အိပ်ခဲ့ရတယ်။ စားကြွင်းစားကျန်တွေ စားခဲ့ရတယ်”လို့ ကတ်ရာက ရေးသားခဲ့ပါတယ်။ မိသားစုနဲ့အတူ မရီဥပိုလ်မြို့(Mariupol’) က မြေအောက်ခန်းထဲမှာ ပိတ်မိနေတဲ့ ကတ်ရာက သူတို့ရဲ့အမေသေဆုံးသွားခဲ့တာကို သူ့မောင်လေး မသိအောင် ဘယ်လောက် ကြိုးစားကာကွယ်ခဲ့ရလဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ “

“ကျွန်မတို့ ထွက်မပြေးခင် သုံးရက်အလိုမှာ အမေက သေဆုံးသွားခဲ့တယ်။ အိပ်ပျော်နေပြီး မနှိုးသင့်ဘူးလို့ ကျွန်မရဲ့မောင်လေးကို ပြောခဲ့တယ်။ ဒါပေမဲ့ သူအားလုံးကို နားလည်သွားပုံတော့ရတယ်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်တော့ဘူး။ သူသာရှိနေခဲ့ရင် ကျွန်မတို့ ဒီလောက်ကြီး ခံစားနေရမှာမဟုတ်ဘူး။ ဘုရားသခင်ကြားရဲ့လား။ ကျွန်မရဲ့အမေက ဘယ်တော့မှ အမှားတစ်ခုခုမလုပ်ခဲ့ဖူးဘူး။ သူ ဘုရားကျောင်းတတ်တယ်။ အပြစ်ရှိတယ်လို့ မစိုးရိမ်ခဲ့ဖူးဘူး။ ဘုရားသခင်က သူ့ကို အဝေးကို ခေါ်သွားခဲ့တယ်။ ဘုန်းကြီးကတော့ ပြောပါတယ်။ အခု ကျွန်မရဲ့ အမေက ဘုရားသခင်ကို အလုပ်အကျွေးပြုနေတယ်။ ဒါပေမဲ့ ကျွန်မတို့ကို ပျိုးထောင်ပေးရင်းနဲ့ ဒီနေရာမှာပဲ ဘုရားသခင်ကို အလုပ်အကျွေးပြုရင် ပိုကောင်းမယ်” လို့ ကတ်ရာက ရေးသားခဲ့ပါတယ်။ အဲဒီနောက် ကတ်ရာဟာ သူ့အမေ သေဆုံးပြီးနောက်ရုရှားက မိသားစုထံ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ သူတို့ကိုဘယ်လို စွန့်ပစ်ခဲ့လဲဆိုတာကိုပါ ပြောပြခဲ့ပါတယ်။

“ရုရှားကို မုန်းတယ်။ အဲဒီမှာ ကျွန်မရဲ့ဦး​လေး ရှိတယ်။ ဖုန်းထဲမှာ သူ ဘာပြောခဲ့လဲသိလား။ ကတ်ရာဟုတ်လား။ ကတ်ရာက ဘယ်သူလဲ။ ကောင်မလေး…မင်းကို မသိဘူး။ ဘာစစ်ပွဲလဲ…ဘာ ကတ်ရာလဲ။ အဲဒီနောက် ဖုန်းကနေတဆင့် သူ စာပို့ခဲ့တယ်။ ‘ကတ်ရာ..ငါ့ဆီ စာမရေးပါနဲ့။ ငါ့နဲ့ ငါ့မိသားစုအတွက် အန္တရာယ်များတယ်။ မင်းရဲ့အမေ မရှိတော့ဘူးလေတဲ့'”ကျွန်မ သူတို့ကိုမုန်းတယ်။ အမေက သူ့ညီမလေ။ ဘယ်လိုလုပ် အဲဒီလိုလုပ်နိုင်တာလဲ။ ကျွန်မ မရီဥပိုလ်မြို့ကို ပြန်သွားပြီးတော့ အရင်နေရာမှာပဲ နေသွားရတော့မယ်ထင်တယ်။ အချိန်တိုင်း ပန်းတွေခင်းပေးဖို့ မြေအောက်ခန်းကို ဆင်းသွားရမယ်ထင်တယ်”လို့ ကတ်ရာက ရေးသားထားပါတယ်။

စစ်ဘေးက လွတ်မြောက်ပြီး သူ့ရဲ့ကိုယ်ပိုင်မိသားစုရှိလာခဲ့ရင် ဘာလုပ်မယ်ဆိုတာကိုလည်း ရေးသားခဲ့ပါတယ်။ “သေချင်ပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ … မင်းရဲ့ ကလေးတွေကို ပွေ့ဖက်ထားပါ။ တကယ်လို့ မင်းမရှိ​တော့တဲ့အခါ မင်းရဲ့ကိုယ်သင်းအနံ့ကို သူတို့အမှတ်မရဖြစ်နေလိမ့်မယ်။ ကျွန်မ ကြံ့ကြံ့ခံကျော်လွှားပြီး နောက်ပိုင်း ကလေးရှိလာခဲ့ရင် သူတို့ကို ကျွန်မ တစ်ချိန်လုံးပွေ့ဖက်သွားမှာပါ”လို့လည်း ရေးသားခဲ့ပါတယ်။

Ref: Ladbible “16-Year-Old Ukrainian Girl’s Diary Extracts Reveal The Heartbreaking Reality Of Russia’s Invasion”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top