ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ သီရိလင်္ကာနိုင်ငံမှာ အစိုးရဝန်ကြီးတစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်

4-4-2022-yyl-22.jpg

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့ချိန်မှာ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္ကာအစိုးရဝန်ကြီးတစ်ဖွဲ့လုံး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ အစိုးရဝန်ကြီး ၂၆ ယောက်လုံး နုတ်ထွက်စာတင်ခဲ့ပေမဲ့ ဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာနဲ့ သူ့ရဲ့ညီဖြစ်သူ သမ္မတ ဂိုတာဘာယာရာဂျာပါဆာတို့ နုတ်ထွက်ခဲ့ခြင်း မရှိပါဘူး။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး သမ္မတ ရာဂျာပါဆာမိသားစုကြောင့် အခုလို အခြေအနေ ကြုံနေရတာလို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ ဒါကြောင့် ရာဂျာပါဆာမိသားစုက အာဏာဆက်ထိန်းထားပြီး အစိုးရဝန်ကြီးတစ်ဖွဲ့လုံး နုတ်ထွက်မှုဟာ အချည်းနှီးပဲလို့ ဆန္ဒပြသူတွေကတော့ ဆိုပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြို့အများအပြားမှာ လူအများအပြားက လမ်းပေါ်ထွက်ခဲ့ကြပြီး ညမထွက်ရအမိန့်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံခြားငွေ ရှားပါးပြတ်လပ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါး ပြတ်လပ်မှု ကြုံတွေ့နေပြီး နေ့တစ်ဝက်ကျော်ကြာမြင့်တဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားနေလို့ အများပြည်သူတွေ ဒေါသထွက်နေကြပါတယ်။

” အာဏာရှင်လက်စွဲကျမ်းထဲက အကွက်တွေပါ” လို့ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” ရာဂျာပါဆာမိသားစုရော၊ အစိုးရအဖွဲ့ရော၊ သူတို့ရဲ့နိုင်ငံရေးကျောထောက်နောက်ခံတွေရော၊ အကျင့်ပျက်ခြစားတဲ့ ခရိုနီတွေရော၊ သူတို့ကို အမွှမ်းတင်ပေးနေတဲ့ မီဒီယာတွေရော အကုန်လုံးကို နုတ်ထွက်စေချင်တာပါ” လို့ ဆိုခဲ့ပါတယ်။

သီရိလင်္ကာအစိုးရဝန်ကြီးတစ်ဖွဲ့လုံး နုတ်ထွက်ခဲ့တဲ့အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌ နီဗက်ကာဘရယ်ကလည်း ထွက်စာတင်ထားပါတယ်။

Ref: BBC “Sri Lanka: Cabinet resigns as crisis protesters defy curfew”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top