၃ နှစ်အရွယ်ကတည်းက တက္ကသိုလ်မှာ ပညာသင်ခွင့်ရခဲ့တဲ့ တောင်ကိုရီးယားဉာဏ်ကြီးရှင်

15-7-2022-15.jpg

တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခအဖြစ် ဇာတ်မြှုပ်နေခဲ့တဲ့ ကင်

အသက် ၅ နှစ်အရွယ်ကတည်းက ကိုရီးယား၊ ဂျပန်၊ ဂျာမန်၊ အင်္ဂလိပ် ဘာသာစကား ၄ မျိုး ပြောနိုင်စွမ်းရှိတဲ့ တောင်ကိုရီးယားနိုင်ငံသား ကင်အွန်းယုံဟာ ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရသူပါ။ ၁၉၆၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှာ differential and integral calculus မေးခွန်းတွေ ဖြေရှင်းနိုင်ခဲ့တာကို ဂျပန်ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့ဖူးပါတယ်။

ကင်ဟာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ရဲ့ ဉာဏ်ရည်အမြင့်ဆုံးစာရင်းမှာ ထည့်သွင်းဖော်ပြခံခဲ့ရပြီး ဉာဏ်ရည် ၂၁၀ ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ကင်ဟာ ၃ နှစ်သားအရွယ်ကတည်းက ဟန်ယန်းတက္ကသိုလ်မှာ ရူပဗေဒ ဧည့်ကျောင်းသားအဖြစ် တက်ရောက်ခဲ့ပြီး အသက် ၇ နှစ်အရွယ်မှာ အမေရိကန် အာကာသအေဂျင်စီ (NASA) ရဲ့ ဖိတ်ကြားခြင်း ခံခဲ့ရသူပါ။

၃ နှစ်သားအရွယ်ကတည်းက တက္ကသိုလ်မှာ ပညာသင်ခွင့်ရခဲ့တဲ့ ကင်

အသက် ၁၅ နှစ်မပြည့်ခင်မှာပဲ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်မှာ ရူပဗေဒပညာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ တက္ကသိုလ်မှာ ပညာသင်နေတဲ့ကာလတစ်လျှောက် NASA မှာလည်း သုတေသနတွေ စတင်လုပ်ဆောင်ခဲ့ပါသေးတယ်။ NASA မှာ သုတေသနစလုပ်တော့ သူ့အသက် ၁၂ နှစ်ပဲ ရှိသေးတာပါ။

ဒါပေမဲ့ ၁၆ နှစ်သားအရွယ်မှာတော့ တောင်ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပြီး မြို့ပြအင်ဂျင်နီယာပညာရပ်ကို ပြောင်းလဲသင်ယူခဲ့ပါတယ်။ ကင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး တက္ကသိုလ်တွေမှာ ပညာသင်ခွင့် ကမ်းလှမ်းခံခဲ့ရပေမဲ့ မထင်မရှား ပြည်နယ်တက္ကသိုလ်မှာပဲ ပညာသင်ယူခဲ့ပြီး မြို့ပြအင်ဂျင်နီယာပညာရပ်နဲ့ ဒေါက်တာဘွဲ့ ရခဲ့ပါတယ်။

၅ နှစ်သားအရွယ်မှာ ဘာသာစကား ၄ မျိုး ပြောတတ်ပြီး ကဗျာတွေပါ ရေးခဲ့တဲ့ ကင်

နောက်ပိုင်းမှာတော့ တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခအဖြစ် ဇာတ်မြှုပ်နေခဲ့လို့ ” မအောင်မြင်ခဲ့တဲ့ ဉာဏ်ကြီးရှင်” ဆိုတဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ အစွမ်းအစကိုယ်စီ၊ အိပ်မက်ကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီဖြစ်လို့ သူ့ကို အဲဒီလို သတ်မှတ်တာ လက်မခံဘူးလို့ ကင်က ဆိုပါတယ်။

Ref: Kim Ung Yong

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top