Social Distancing စည်းမျဉ်း နဲ့အညီ ပြန်ဖွင့်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က Gym

19-6-2020-yyl-027.jpg

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတော်တော်များများ ထိခိုက်ဆုံရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာကို လူတိုင်းသိပါတယ်။ ကပ်ရောဂါအတွင်းမှာ အွန်လိုင်းစနစ်နဲ့ လုပ်လို့မရတဲ့ တချို့ဆိုင်တွေကို ပိတ်ထားခဲ့ရတာပါ။ အခုတော့ နိုင်ငံတော်တော်များများမှာ တချို့ဆိုင်တွေကို စည်းမျဉ်းတချို့နဲ့ ပြင်ဖွင့်ခွင့်ပေးခဲ့ပါပြီ။ ပြန်ဖွင့်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေက ရောဂါပိုးကူးစက်ပျံ့နှံ့မှု တွေမဖြစ်အောင် Social Distancing စည်းမျဉ်းနဲ့လည်းညီအောင် စိတ်ကူးအကြံဉာဏ်တွေထုတ်ကာ အစီအစဉ်တွေဆွဲ လုပ်ဆောင်နေကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က Inspire South Bay Fitness အမည်ရတဲ့ Gym ကလည်း Social Distancing စည်းမျဉ်းနဲ့အညီ ပြန်ဖွင့်ထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီGym က Redondo Beach မှာ တည်ရှိတာဖြစ်ပြီး မကြာသေးခင်ကမှ ပြန်ဖွင့်ထားတာဖြစ်ပါတယ်။ အဲဒီ Gym က ဘေးကင်းစွာ ကစားနိုင်ဖို့အတွက် လာကစားတဲ့သူတွေ တစ်ယောက်ချင်းစီအတွက် Workout လုပ်လို့ရမယ့် အခန်းတွေ ပြင်ဆင်ပေးထားတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်ကို အကွာအဝေးခြားပေးထားပါသေးတယ်။

ကစားသမားတွေအတွက် ပြင်ဆင်ပေးထားတဲ့ အခန်းတွေက (၉) ခုရှိပြီး တစ်ခုချင်းစီကို ရေချိုးခန်းသုံးလိုက်ကာ၊ ပိုက်ချောင်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ကစားသမားတွေက လိုက်ကာနဲ့ကာထားတဲ့ အခန်းတစ်ခုစီမှာ ကစားရတာပါ။ အဲဒီအခန်းတွေက အရှည် (၁၀) မီတာနဲ့ အကျယ် (၆) မီတာလောက်ရှိတဲ့အပြင် အားကစားပစ္စည်းတွေနဲ့ ခုံတန်းတစ်ခုပါရှိပါတယ်။ “ကျွန်တော်တို့ ဒီအခန်းတွေ ပြင်ဆင်ဖို့ (၃) ရက်အချိန်ယူခဲ့ရတယ်။ Gym တွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုတဲ့အချိန်မှာ ကျွန်တော်တို့ Gym မှာ ပိုးသတ်သန့်စင်တာနဲ့ Social Distancing စည်းမျဉ်းတွေလုပ်ရတော့မှာပါ။ လာကစားမယ့်လူဦးရေကိုလည်း ကန့်သတ်ထားမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြန်ဖွင့်ရပါပြီ”လို့ ပီးတ် ဆတ်ပ်ဆင် ဆိုသူ Gym ပိုင်ရှင်က သူ့အင်စတာဂရမ်အကောင့်ကနေ Gym ပြန်ဖွင့်တဲ့သတင်းကို ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီ Gym က ပြန်ဖွင့်နေပေမယ့် အိမ်ကနေ ထွက်ဖို့အဆင်မပြေတဲ့သူတွေအတွက် Online Class တွေ ရှိနေတုန်းပါပဲ။ “ကျွန်တော်တို့ ဖြေဆေး၊ကုသဆေးပေါ်လာတဲ့အထိ Zoom ကနေ တင်ဆက်ပေးသွားမှာပါ။ ဒါက အိမ်ကနေ Gym ကစားချင်တဲ့ member တွေအတွက် အဆင်ပြေစေမှာပါ။ Gym ကိုလာကစားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း Workout ကောင်းကောင်းလုပ်နိုင်မှာပါ”လို့ Gym ပိုင်ရှင်က ပြောပါတယ်။

အဲဒီ Gym ကို လာကစားမယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းတချို့ရှိပါတယ်။ ပထမဆုံးတစ်ခုက အပြင်ဘက်မှာ စောင့်ဆိုင်းနေရင် အခြားသူတွေနဲ့ (၆) ပေအကွာမှာ နေရပါမယ်။ (၆) ပေ အကွာဖြစ်ဖို့အတွက် X သင်္ကေတလေး ထားရှိထားပါတယ်။ ဒုတိယတစ်ခုကတော့ Gym ထဲ ဝင်တဲ့အခါ လက်သန့်ဆေးရည်ကို အသုံးပြုရပါမယ်။ ပြီးရင် ဖျားမဖျားသိဖို့အတွက် အပူချိန်တိုင်းရပါမယ်။ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ပြင်ဆင်ပေးထားတဲ့ အခန်းထဲမှာ လာကစားတဲ့သူတွေက ပိုးသတ်သန့်စင်ပေးထားတဲ့အဝတ်စနဲ့ ပါလာတဲ့ပစ္စည်းတွေ၊ ပါးစပ်နှာခေါင်းစည်းတို့ထားဖို့ နေရာတစ်ခုတွေ့ရမှာပါ။ Gym ကစားပြီးသွားရင် Gym မှာ ထားရှိပေးထားတဲ့ အဝတ်စတွေနဲ့ သေချာသန့်စင်ပေးဖို့ လာကစားတဲ့သူတွေကို တောင်းဆိုထားပါတယ်။

Ref: This California Gym Built Ten Feet Individual Pods For Working Out And People Have Mixed Feelings About It

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top