ကလေးလူနာတွေကို ဂီတစွမ်းအားနဲ့ စိတ်ပျော်ရွှင်မှုပေးနေသူ

20-5-2022-yyl-09.jpg

မန်နီ ရီမစ်လပ်စ်ဟာ ကလေးဘဝတုန်းက ဆေးရုံတက်ရင်း အချိန်အများကြီးကုန်ဆုံးခဲ့ရတာပါ။ အခုဆိုရင် သူက ကလေးသူနာပြုတစ်ယောက်ဖြစ်နေပါပြီ။ သူ ဆေးရုံတက်တဲ့အချိန်တုန်းကတော့ သူနာပြုတွေက မိသားစုသဖွယ် ခံစားရအောင်၊ အိမ်မှာရှိနေသလို ခံစားရအောင် သူ့ကို ဂရုစိုက်ပေးခဲ့ကြတယ်။ ဆေးရုံတက်ရတဲ့ဒုက္ခတွေကို မေ့အောင် ကူညီပေးခဲ့တယ်။ အရွယ်ရောက်လာရင် သူ့ကို ဂရုစိုက်ပေးခဲ့တဲ့ သူနာပြုတွေလိုမျိုး လူနာတွေကို လုပ်ပေးချင်ခဲ့တယ်။ အဲဒါကြောင့်ပဲ သူဟာ ကလေးသူနာပြုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မန်နီက ဆေးရုံတက်တဲ့အချိန် လူနာတွေရဲ့ခံစားချက်ကို သူကိုယ်တိုင်ခံစားဖူးတဲ့အတွက် သူ သူနာပြုအဖြစ် လုပ်ကိုင်နေတဲ့ နယူးယောက်မြို့ရဲ့ Cohen Children’s Medical Center က ကလေးတွေကို အမှတ်တရကောင်းတွေ ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ဘဝတစ်လျှောက်မှာ သူ သိရှိခဲ့ရတဲ့အရာတွေထဲက တစ်ခုကတော့ ဂီတက လူတွေကို စိတ်သက်သာရာရစေဖို့ ကူညီပေးတဲ့ အလွန်အစွမ်းထက်တဲ့ကိရိယာဖြစ်တယ်ဆိုတာပါပဲ။

၃ မိနစ်စာ သီချင်းတစ်ပုဒ်ကတောင် လူနာရဲ့စိတ်ကို သက်သာရာရစေတဲ့အတွက် မန်နီက ကလေးတွေ စိတ်ပျော်ရွှင်စေဖို့ ကလေးကဗျာတေးကစပြီး ခေတ်ပြိုင်ဂီတအထိ ကလေးသီချင်းအားလုံးကို သီဆိုပေးပါတယ်။ သူက ဒီနေ့ခေတ် ကလေးတွေနားထောင်တဲ့ နာမည်ကြီးသီချင်းတွေကို အမြဲတမ်း ဆိုနေတာတော့မဟုတ်ပါဘူး။ သူ့ကို ခေတ်သီချင်းသီချင်းစာသားတွေ ပေးရင်တော့ ဆိုဖြစ်ပါတယ်။

မကြာသေးခင်ကမှ မန်နီက ဂီတနဲ့ကုစားပေးသူများအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Northwell Health သူနာပြုသံစုံကျူးအဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအဖွဲ့က “America’s Got Talent” မှာတောင် ပါဝင်ခဲ့ပါတယ်။ သူတို့အဖွဲ့က ပြိုင်ပွဲအတွက် အစမ်းသီဆိုဖို့ ဟောလိဝုဒ်ကို သွားခဲ့ကြပါတယ်။ အခုလို သူတို့အဖွဲ့ လူချင်းစုံရတာ ပထမဆုံးပါပဲ။ ကပ်ရောဂါကြောင့် လူချင်းမတွေ့ဖြစ်ခဲ့ကြပါဘူး။

သူတို့အဖွဲ့က ကပ်ရောဂါအတွင်း မှောင်မိုက်တဲ့နေ့ရက်တွေမှာ ကိုယ့်ကိုယ်ကို ဂီတနဲ့ ကုစားခဲ့ကြတာပါ။ “America’Got Talent” ရဲ့နောက်ဆုံးဖိုင်နယ်ပွဲအထိ သူတို့အဖွဲ့ပါခဲ့တာက အိမ်မှာ ဒီအစီအစဉ်ကို ကြည့်ရှုနေတဲ့ လူသန်းချီနဲ့အတူ ဂီတရဲ့ကုစားနိုင်တဲ့စွမ်းအားကို မျှဝေခွင့်ရခဲ့တာပါပဲ။

မန်နီက ဆေးရုံကုတင်ဘေးမှာ လူနာတွေကို စိတ်ပျော်ရွှင်မှုပေးတဲ့ သူ့ရဲ့သီချင်းသီဆိုခြင်းက တခြားသူနာပြုတွေကိုလည်း လှုံ့ဆော်မှုဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။ Northwell Health သူနာပြုသံစုံကျူးအဖွဲ့က ကမ္ဘာကြီးကို ပျော်ရွှင်မှု ယူဆောင်လာဖို့လည်း မျှော်လင့်ထားပါတယ်။

Ref: CBSNews “Pediatric nurse uses healing power of music to bring kids joy”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top