အချိန်လွန်နောင်တ

23-5-2022-yyl-09.jpg

မိသားစုကို အချိန်ပိုပေးချင်လို့ အလုပ်ကနေ အနားယူတော့မယ့်အကြောင်း လက်သမားကြီးက သူ့သူဋ္ဌေးကို ပြောလိုက်တယ်။ လက်သမားအဖြစ် အလုပ်လုပ်ခဲ့တဲ့ အချိန်တွေကို သူ လွမ်းနေမှာဖြစ်ပေမဲ့ သူ့ဘဝရဲ့လက်ကျန်အချိန်တွေကိုတော့ သူ့ဘဝအတွက် အရေးပါသူတွေနဲ့ပဲ ကုန်ဆုံးသင့်တယ်လို့ သူ ခံစားရတာကြောင့်ပါတဲ့။

လက်သမားကြီးက သူ့အတွက် စိတ်ချယုံကြည်ရတဲ့ အလုပ်သမားကောင်းဖြစ်လို့ ဒီစကားကို ကြားချိန်မှာ သူဋ္ဌေးလည်း တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ သူ့ကို အခွင့်အရေးပေးတဲ့အနေနဲ့ နောက်ဆုံးအဖြစ် အိမ်တစ်လုံးလောက် ဆောက်ပေးပါလို့ သူဋ္ဌေးက တောင်းဆိုတယ်။ လက်သမားကြီးက အိမ်ဆောက်ဖို့ စိတ်သိပ်မပါတော့ပေမဲ့ သူဋ္ဌေးစကားကို မပယ်ရှားချင်လို့ စိတ်မပါ့တပါနဲ့ သဘောတူလိုက်တယ်။

နောက်ဆုံးအိမ်ကို ဆောက်နေချိန်မှာ လက်သမားကြီးက ပုံမှန်လောက် အားမထုတ်သလို အလုပ်ကိုလည်း ပြီးပြီးရော လုပ်နေတာပေါ့။ အိမ်ဆောက်ဖို့ သုံးတဲ့ပစ္စည်းတွေဆိုရင်လည်း အရင်လို ပစ္စည်းကောင်းကောင်း မသုံးဘဲ ဈေးပေါတဲ့ အညံ့စားပစ္စည်းတွေပဲ သုံးတယ်။ အခါအခွင့်သုံးတိုင်းလည်း ဖြစ်ကတတ်ဆန်းပဲ လုပ်ပါသတဲ့။

အိမ်ဆောက်လို့ ပြီးစီးသွားချိန်မှာတော့ သူဋ္ဌေးက အိမ်ကို လာကြည့်ပြီး လက်သမားကြီးကို အိမ်သော့ ပေးလိုက်တယ်။ ” ကျွန်တော့်ဆီမှာ အလုပ်လုပ်ခဲ့တဲ့ကာလတစ်လျှောက် ခင်ဗျားရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ဒီအိမ်ကို လက်ဆောင်အဖြစ် ပေးတာပါ” လို့ သူဋ္ဌေးက ပြောလိုက်တဲ့အခါ လက်သမားကြီးက အရမ်းအံ့အားသင့်သွားတယ်။

သူဋ္ဌေးရဲ့ရက်ရောတဲ့ လက်ဆောင်အတွက် ဝမ်းသာရပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့လုပ်ရပ်အတွက်လည်း နောင်တရနေမိတာပေါ့။ တကယ်လို့ ဒီအိမ်ကို သူ ရမယ်မှန်းသာ သိခဲ့ရင် ပစ္စည်းကောင်းကောင်းသုံးပြီး လက်ရာမြောက်အောင် ကြိုးစားပမ်းစား သူ ဆောက်ခဲ့မှာလေ။ အခုတော့ အချိန်လွန်သွားခဲ့ပါပြီ။

သင်ခန်းစာ

ဘဝဆိုတာ ကိုယ့်ဘာသာကိုယ်တည်ဆောက်ရတဲ့ စီမံကိန်းတစ်ခုပါပဲ။ ဒီကနေ့ထားတဲ့ သင့်ရဲ့စိတ်ထားနဲ့ ရွေးချယ်မှုတွေက သင့်ရဲ့မနက်ဖြန်ကို ပုံဖော်တည်ဆောက်ပေးမှာပါ။ ဒီတော့ အကောင်းဆုံးတွေကို ရွေးချယ်ပြီး အားသွန်ခွန်စိုက် ဆောက်မလား၊ အညံ့စားတွေကို ရွေးချယ်ပြီး ရေသာချို အချောင်လိုက်မလားဆိုတာကတော့ မိမိအပေါ်မှာပဲ မူတည်နေပါတယ်။ သင့်ရဲ့မနက်ဖြန်ကို ပုံဖော်မယ့်သူကတော့ သင်ကိုယ်တိုင်ပါပဲ။

Ref: Wait . . .What

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top