မေတ္တာဖျန်း၍ လန်းစေသော်

7-6-2022-yyl16.jpg

ကျောင်းစဖွင့်တဲ့နေ့မှာ ၄ တန်းဆရာမ သွမ်ပဆန်က အတန်းရှေ့မှာ ရပ်ပြီး ” ကျောင်းသား/သူ အားလုံးကို ဆရာမ တန်းတူ ချစ်တယ်”လို့ စိတ်ထဲမပါဘဲ ပြောလိုက်တယ်။ သူ့စိတ်ထဲမှာ အားလုံးကို တပြေးညီ မချစ်ပါဘူး။ ရှေ့ဆုံးတန်းမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ တက်ဒီကို သူ ကြည့်မရဘူးလေ။

တက်ဒီကို ၃ တန်းမှာကတည်းက သူ စောင့်ကြည့်နေတာ။ သူက တခြားကလေးတွေနဲ့လည်း ကောင်းကောင်း မကစားဘူး၊ အဝတ်အစားတွေကလည်း ညစ်ပတ်ပေရေနေတာပဲ၊ စာလည်း ကောင်းကောင်းမလုပ်ဘူး။ သူ့အတန်းမှာ စာမလုပ်ရင်တော့ ကြက်ခြေခတ်ကြီးကြီး ခြစ်ပေးလိုက်မယ်လို့ ဆရာမသွမ်ပဆန်က တေးထားတာပါ။

ဆရာမ သွမ်ပဆန် စာသင်တဲ့ကျောင်းမှာ ကလေးတိုင်းရဲ့ အတိတ်မှတ်တမ်း တစ်ခုချင်းစီကို ပြန်ကြည့်ပေးရတယ်။ သွမ်ပဆန်က တခြားကလေးတွေအားလုံးရဲ့မှတ်တမ်းကို ကြည့်ပေးပြီးမှ တက်ဒီရဲ့မှတ်တမ်းတွေကို ဖွင့်လိုက်တယ်။ တက်ဒီရဲ့မှတ်တမ်းတွေကို မြင်ရတော့ သူ အံ့သြသွားတယ်။

မူလတန်းဆရာမ – တက်ဒီက ဉာဏ်ကောင်းပြီး ပျော်ပျော်နေတတ်တယ်။ သပ်သပ်ရပ်ရပ်နေတတ်ပြီး ကိုယ်အမူအရာလည်း သိမ်မွေ့သူပါ။

ပထမတန်းဆရာမ – တက်ဒီက ထူးချွန်တဲ့ ကျောင်းသားပါ။ အတန်းဖော်တွေကလည်း သူ့ကို ခင်ကြတယ်။ ဒါပေမဲ့ သူ့အမေက နာတာရှည်ရောဂါ ခံစားနေရလို့ သူ ပြဿနာရှိနေတယ်။ အိမ်မှာလည်း အခက်အခဲကြုံနေရပုံပဲ။

ဒုတိယတန်းဆရာမ – သူ့အမေ ဆုံးသွားလို့ တက်ဒီ အရမ်းခံစားခဲ့ရတယ်။ တက်ဒီက ကျောင်းစာဘက်မှာ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ သူ့အဖေကလည်း ကလေးကို ဂရုစိုက်ပုံမပေါ်ဘူး။ သူ့အတွက် လိုအပ်တာတွေ မဖြည့်ဆည်းပေးဘူးဆိုရင်တော့ တက်ဒီရဲ့ မိသားစုဘဝက ကျောင်းစာဘက်ကို ထိခိုက်စေလိမ့်မယ်

တတိယတန်း ဆရာမ – တက်ဒီက တခြားကလေးတွေနဲ့ အခေါ်အပြော မလုပ်ဘူး။ ကျောင်းစာကိုလည်း စိတ်သိပ်မဝင်စားဘူး။ သူ့မှာ သူငယ်ချင်းလည်း မရှိဘူး။ တစ်ခါတလေ အတန်းထဲမှာ အိပ်နေသေးတယ်။

ဒီမှတ်တမ်းတွေကို ဖတ်လိုက်ရချိန်မှာတော့ ဆရာမ သွမ်ပဆန်က တက်ဒီ ကြုံနေရတဲ့ ပြဿနာတွေကို နားလည်သွားခဲ့ပါတယ်။ ပြီးတော့ သူ့ကိုယ်သူလည်း ပြန်ရှက်သွားတယ်။ ဒီလိုနဲ့ ခရစ္စမတ်ရောက်ခါနီးလို့ ကျောင်းသား/သူတွေက သူ့အတွက် လက်ဆောင်တွေ ယူလာပေးကြတဲ့အခါ လက်ဆောင်အားလုံးကို တောက်ပတဲ့စက္ကူလေးတွေနဲ့ ထုပ်ပိုးပြီး ဖဲကြိုးလှလှလေးတွေ ချည်ထားကြတယ်။ တက်ဒီရဲ့ လက်ဆောင်က လွဲလို့ပေါ့။ တက်ဒီရဲ့လက်ဆောင်ထုပ်ကတော့ ကုန်ခြောက်ဆိုင်ကပေးတဲ့ အညိုရောင် စက္ကူနဲ့ထုပ်ပိုးပြီး ချည်ထားတဲ့ကြိုးကလည်း ရှုပ်ပွနေပါတယ်။

ဆရာမ သွမ်ပဆန်က (တက်ဒီ သိမ်ငယ်သွားမလားဆိုတဲ့ အတွေးကြောင့် နာကျင်စွာနဲ့ပဲ) တခြားလက်ဆောင်ထုပ်တွေနည်းတူ တက်ဒီရဲ့လက်ဆောင်ထုပ်ကိုလည်း ဖွင့်ဖောက်လိုက်တယ်။ ကျောက်မစုံတော့တဲ့ ‌ကော်လက်ကောက်တစ်ကွင်းနဲ့ ကုန်လုနီးနီးဖြစ်နေတဲ့ ရေမွှေးပုလင်းတစ်လုံး ထွက်လာတော့ တစ်တန်းလုံး ဝိုင်းရယ်ကြတာပေါ့။ ဆရာမကတော့ ရယ်သံတွေတိတ်သွားအောင် ခဏစောင့်လိုက်ပြီး ”လက်ကောက်လေးက လှလိုက်တာ” လို့ဆိုရင်း သူ့လက်မှာ ဝတ်လိုက်သလို လက်ကောက်ဝတ်ကိုလည်း ရေမွှေးဆွတ်လိုက်တယ်။ အဲဒီနေ့မှာ တခြားကျောင်းသားအားလုံး ပြန်သွားချိန်အထိ တက်ဒီက မပြန်သေးဘူး။ ” ဆရာမ ရေမွှေးဆွတ်ပြီး နမ်းကြည့်တာ သားအမေ လုပ်တဲ့ပုံစံအတိုင်းပဲ” ဆိုတဲ့ စကားပြောဖို့ပေါ့။

ကျောင်းဆင်းလို့ အားလုံးပြန်သွားတော့ ဆရာမ သွမ်ပဆန်က မပြန်သေးဘဲ ထိုင်ငိုနေခဲ့တယ်။ အဲဒီနေ့ကစပြီး သူက ကျောင်းသားတွေကို စာရေး၊ စာဖတ်နဲ့ သင်္ချာ သင်ပေးဖို့ချည်းပဲ အာရုံမစိုက်တော့ပါဘူး။ ကလေးတွေရဲ့ ဘဝအတွက် ရည်ရွယ်ပြီး သင်ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာမသွမ်ပဆန်ရဲ့ ဂရုစိုက်မှုကြောင့် တက်ဒီလည်း ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာပါတယ်။

တက်ဒီရဲ့ပုံစံက ရေဖျန်းလေ၊ ပိုလန်းလေ ဖြစ်နေတဲ့ ပန်းကလေးတစ်ပွင့်လိုပါပဲ။ ဆရာမသွမ်ပဆန်ရဲ့ မေတ္တာကြောင့် သူ ပိုလန်းဆန်းလာပါတယ်။ စာသင်နှစ်အဆုံးမှာတော့ တက်ဒီက အတန်းထဲမှာ အတော်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (အရင်က တက်ဒီကို မျက်မုန်းကျိုးနေပေမဲ့) အတန်းသားအားလုံးကို တပြေးညီချစ်မယ်လို့ လိမ်ပြောခဲ့တဲ့ ဆရာမသွမ်ပဆန်ကလည်း အခုတော့ တက်ဒီကို အချစ်ဆုံး ဖြစ်နေပါပြီ။

နောက်တစ်နှစ်အကြာမှာတော့ ဆရာမသွမ်ပဆန်က သူ့အိမ်တံခါးအောက်ကနေ စာတစ်စောင် တွေ့တယ်။ တက်ဒီ ရေးထားတဲ့စာပါ။ ” ကျွန်တော့်ဘဝတစ်လျှောက် ကြုံဖူးခဲ့တဲ့ ဆရာ/ဆရာမတွေထဲမှာ ဆရာမသွမ်ပဆန် အတော်ဆုံးပဲ” လို့ ရေးထားပါတယ်။ အဲဒီအချိန်ကစပြီး တက်ဒီဆီက စာတွေ ရောက်ရောက်လာတတ်တယ်။

၆ နှစ်ကြာတော့ သူ အထက်တန်းကျောင်း ပြီးမြောက်ခဲ့တဲ့အကြောင်း၊ အတန်းထဲမှာ တတိယရတဲ့အကြောင်း စာပို့တယ်။ နောက် ၄ နှစ် ကြာတော့ အမှတ်အများဆုံးနဲ့ ကောလိပ် ပြီးမြောက်တော့မယ့်အကြောင်း၊ နောက် ၄ နှစ်အကြာမှာ ဘွဲ့ရပြီး မာစတာဘွဲ့ ထပ်ယူခဲ့တဲ့အကြောင်း ရေးထားတဲ့ စာတွေ ရောက်လာတယ်။ ပို့သမျှ စာတွေအားလုံးရဲ့အဆုံးမှာတော့ ” ကျွန်တော့်ဘဝတစ်လျှောက် ကြုံဖူးခဲ့တဲ့ ဆရာ/ဆရာမတွေထဲမှာ ဆရာမသွမ်ပဆန် အတော်ဆုံးပဲ”ဆိုတဲ့ စာသား အမြဲပါလေ့ရှိပါတယ်။

အဲဒီနှစ် နွေဦးမှာ နောက်ထပ်စာတစ်စောင် ရောက်လာတယ်။ သူ လက်ထပ်တော့မယ့်အကြောင်း၊ သူ့အဖေ ဆုံးသွားပြီဆိုတဲ့အကြောင်း၊ သူ့ မင်္ဂလာပွဲ အခမ်းအနားမှာ ဆရာမ သွမ်ပဆန်အနေနဲ့ သတို့သားမိခင်အဖြစ် တက်ရောက်ပေးနိုင်မလားဆိုတဲ့အကြောင်းတွေ ရေးထားတယ်။ ဆရာမသွမ်ပဆန်လည်း မင်္ဂလာပွဲကို သွားတက်ခဲ့ပါတယ်။ ခရစ္စမတ်လက်ဆောင်အဖြစ် ရခဲ့ဖူးတဲ့ ကော်လက်ကောက်လေးကို ဝတ်၊ ကုန်လုနီးပါး ပုလင်းထဲက ရေမွှေးကို ဆွတ်ဖျန်းပြီးတော့ပေါ့။

ဆရာမသွမ်ပဆန်ကို တွေ့တော့ ဒေါက်တာတက်ဒီက ပြေးဖက်တယ်။ ပြီးတော့ တိုးတိုးလေး ကပ်ပြောတယ်။ ” ကျွန်တော့်ကို ယုံကြည်ပေးလို့ ကျေးဇူးပါ ဆရာမ သွမ်ပဆန်၊ ကျွန်တော့်ကို အရေးပါသူတစ်ယောက်လို ခံစားခွင့်ရစေပြီး ထူးထူးခြားခြား လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသပေးခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်” တဲ့။ ဆရာမ သွပ်ဆန်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ပေါ့။ သူကလည်း တိုးတိုးလေး ပြန်ပြောရှာပါတယ်။ ” မင်းထင်ထားတာ အားလုံးမှားတယ် တက်ဒီ၊ ဆရာမက ထူးထူးခြားခြားလုပ်ပြနိုင်စွမ်းရှိတယ်ဆိုတာကို မင်းက သင်ပေးခဲ့တာပါ။ မင်းနဲ့မတွေ့ခင်အချိန်အထိ ဆရာမက စာမသင်တတ်ခဲ့ပါဘူးကွယ်”။

PS: ၁၉၇၆ ခုနှစ်က Home Life မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် စာရေးဆရာမ အဲလိစဘတ်ဆိုင်းလန်ဘဲလတ်၏ The Story of Teddy ကို ဘာသာပြန်ဆို ဖော်ပြပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top