အလကားရတဲ့ဆိုဖာအတွင်း တွေ့ခဲ့တဲ့ ငွေအကုန်လုံးကို ပိုင်ရှင်မိသားစုထံ ပြန်ပေးခဲ့သူ

7-6-2022-yyl14.jpg

ဗစ်ကီ အူမိုဒူ ဆိုသူအမျိုးသမီးတစ်ဦးဟာ အွန်လိုင်းဈေးကွက် Craigslist ကနေ ပရိဘောဂတွေကို ရှာကြည့်နေတုန်း ဆိုဖာ (၂) လုံးနဲ့ ကုလားထိုင် (၁) လုံးအစုံလိုက် အလကားပေးနေတာကို တွေ့ခဲ့တယ်။ ဗစ်ကီက တွေ့တွေ့ချင်းမယုံတော့ ဆိုဖာတွေ တင်ခဲ့တဲ့သူကို ဖုန်းခေါ်ခဲ့တယ်။ ဆိုဖာအလကားပေးတဲ့ မိသားစုက သေသွားတဲ့ ဆွေမျိုးတစ်ယောက်ရဲ့ပိုင်ဆိုင်မှုတွေကို အလကားပေးနေတယ်ဆိုတာ သိခဲ့ရတယ်။

ဗစ်ကီလည်း အိမ်ပြောင်းလာခါစဖြစ်တဲ့အတွက် အိမ်မှာလည်း ပရိဘောဂတစ်ခုမှ မရှိတဲ့အတွက် ဆိုဖာ (၂) လုံးနဲ့ ကုလားထိုင် (၁) လုံးအစုံလိုက်ကို ယူဖြစ်သွားခဲ့တယ်။ ပရိဘောဂတွေ သူ့အိမ်ရောက်လာတဲ့အချိန် တစ်ခုခု ထူးဆန်းနေတာကို သူ သတိပြုမိခဲ့တယ်။ ဆိုဖာကူရှင်တစ်ခုက အရမ်းထူနေတယ်။ အစကတော့ အတွင်းမှာ အပူခံပြား​ဖြစ်နိုင်တယ်လို့ ထင်ခဲ့တယ်။ ကူရှင်ကို ဇစ်ဖွင့်ကြည့်လိုက်တော့ ငွေသား ဒေါ်လာထောင်ချီပါတဲ့ အိတ်တွေကို တွေ့ခဲ့တယ်။ ငွေတွေက ဒေါ်လာ ၃၆၀၀၀ ကျော်လောက်ရှိတယ်။

“သားရေ…လာပါဦး၊ လာပါဦး။ ဒါက ငွေတွေ၊ အမေ သူတို့ကို ဖုန်းဆက်ဖို့လိုပြီ”လို့ ဗစ်ကီက သူ့သားကို လှမ်းခေါ်ပြီး ပြောခဲ့ပါတယ်။ ဗစ်ကီက ငွေတွေကို ယူထားဖို့ တစ်ခါမှ မတွေးခဲ့ဘူးလို့ ဆိုပါတယ်။ သူက ပိုင်ရှင်မိသားစုထံ ဖုန်းဆက်အကြောင်းကြားပြီး ငွေတွေအကုန်လုံး ပြန်ပေးခဲ့ပါတယ်။ ဗစ်ကီက ပြောရှာပါတယ်။ “ဘုရားသခင်က ကျွန်မနဲ့ကျွန်မ့သားသမီးအပေါ် ကြင်နာတရားထားပါတယ်။ ကလေးတွေအားလုံးအသက်ရှင်ကျန်းမာကြတယ်။ ကျွန်မမှာ မြေးချောလေး ၃ ယောက်ရှိတယ်။ ဒါကြောင့်မို့ ကျွန်မ ဘုရားသခင်ဆီက ဘာကိုများတောင်းဆိုရဦးမှာလဲ”တဲ့။

ငွေတွေ ပြန်ပေးတဲ့အချိန် ပိုင်ရှင်မိသားစုက သူတို့ရဲ့အမျိုးဟာ ဘာလို့ ငွေတွေကို အဲဒီနေရာမှာ သိမ်းထားလဲဆိုတာ မသိကြောင်းနဲ့ အိမ်တစ်အိမ်လုံးမှာလည်း ဝှက်ထားတဲ့ငွေတွေ တွေ့ကြောင်း ပြောပြပါတယ်။ ဗစ်ကီဟာ သူတို့ဆီက ငွေတစ်ပြားတစ်ချပ်မှမမျှော်လင့်ခဲ့ပေမဲ့ သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ ရေခဲသေတ္တာအသစ်တစ်လုံးဝယ်ဖို့ ဒေါ်လာ ၂၂၀၀ ပေးခဲ့ပါတယ်။

Ref: TheMetro “Woman finds £28,000 stashed inside sofa she got on Craigslist for free”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top