အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လေး မီကာအီလာ အူလ်မာဟာ ၁၂ နှစ်မပြည့်ခင်မှာပဲ ဝင်ငွေ ဒေါ်လာ ၁၁ သန်းရှိတဲ့ စွန့်ဉီးတီထွင်လုပ်ငန်းရှင်ဖြစ်ခဲ့တယ်။ သူ့အဘွားဆီက ဟင်းချက်စာအုပ်အဟောင်းတစ်အုပ်ကို ရရှိခဲ့ပြီး အသက် ၄ နှစ်မှာ ရှောက်ဖျော်ရည်ကို စတင်ဖန်တီးခဲ့တယ်။ အဲဒီရှောက်ဖျော်ရည်လုပ်ငန်းကနေ ငွေတွေအများကြီးဝင်ခဲ့တယ်။
၂၀၁၆ ခုနှစ်မှာ သကြားအစား ပျားရည်ကို အသုံးပြုထားတဲ့ Me & the Bees Lemonade ထုတ်ကုန်ကို ရောင်းချဖို့အတွက် Whole Foods စူပါမားကတ်ကုမ္ပဏီကနေ ဖြန့်ချိရေးစာချုပ်နဲ့ ကြီးမားတဲ့ငွေပေးချေမှုကို ရရှိခဲ့တယ်။ အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ အမေရိကန်တစ်ဝှမ်းမှာ သူ့ရဲ့ထုတ်ကုန်ကို ရောင်းချဖို့ သိုလှောင်ထားတဲ့ ဆိုင်ပေါင်း ၁၅၀၀ ရှိနေပါပြီ။
စွန့်ဦးတီထွင်လုပ်ငန်းရှင်လေးက ဖျော်ရည်ထုတ်တာမှာတင်ရပ်တန့်မနေဘဲ ကျောင်းတက်နေစဥ်အတွင်း ကိုယ်ပိုင် Lip Balm တွေထုတ်တာအပြင် စာအုပ်လည်း ရေးသားခဲ့တယ်။ ရောင်းချလို့ရတဲ့ ဖျော်ရည်တစ်ခုချင်းစီကရတဲ့ အမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းက ပျားထိန်းသိမ်းစောင့်ရှောက်ရေးဖောင်းဒေးရှင်းအတွက်ဖြစ်တယ်လို့ မီကာအီလာက ပြောပါတယ်။
Shark Tank တီဗီရှိုးမှာ မီကာအီလာ ပါဝင်ပြီးနောက် နောက်တဆင့်တက်လှမ်းဖို့အတွက် အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတချို့ရရှိခဲ့တယ်။ မူပိုင်ခွင့်ပြဿနာတွေရှိတဲ့အတွက် သူ့ရဲ့ထုတ်ကုန်ကို Me & the Bees Lemonade လို့ အမည်ပေးခဲ့ပါတယ်။ ထုတ်ကုန်နာမည်မှာ Bees ပါတာက ပျားတွေကယ်တင်ဖို့ ရောင်းရတဲ့အမြတ်ရဲ့ရာခိုင်နှုန်းကို လှူဒါန်းထားတဲ့အတွက်ကြောင့်ပါ။ အခုဆိုရင် မီကာအီလာရဲ့ရှောက်ဖျော်ရည်လုပ်ငန်းက ၁၀ နှစ်ကျော်သွားပါပြီ။
ပြီးခဲ့တဲ့နှစ်က မီကာအီလာဟာ စီးပွားရေးလုပ်ငန်းလည်ပတ်ချင်တဲ့သူတွေကို အကြံပြုခဲ့တာက “ကုမ္ပဏီတစ်ခုကို စတင်နိုင်တဲ့ စွန့်ဉီးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်တဲ့သူတွေအပေါ်မှာ ကန့်သတ်ချက်နဲ့ တိကျတဲ့လမ်းညွှန်ချက်တွေ ရှိတယ်လို့ မထင်ပါဘူး။ အရင်ဆုံး အိပ်မက်ကြီးကြီးထားပါ။ ကလေးတစ်ယောက်လို စိတ်ကူးယဉ်အိပ်မက်ထားပါ။ ဒုတိယအနေနဲ့ ကိုယ့်ဝါသနာနောက်ကို လိုက်ပါ။ ပြီးရင် စတင်ပါ။
စွန့်ဉီးတီထွင်သူတစ်ယောက်ဖြစ်ဖို့ မင်းက ဘယ်တော့မှ အသက်ကြီးလွန်းတယ် (ဒါမှမဟုတ်) အသက်ငယ်လွန်းတယ်လို့မရှိပါဘူး။ မင်းရဲ့စိတ်ကူးအိပ်မက်နဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုမရှိရင် အလုပ်လုပ်ရမှာ ခက်ခဲပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းတိုးတက်လာဖို့ အချိန်ယူရပါလိမ့်မယ်။ ကျွန်မကိုယုံပါ။ မင်း စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ မင်းရှေ့တည့်တည့်မှာ အလုပ်တွေအများကြီးရှိပါတယ်”တဲ့။
Ref: TheMirror “Girl becomes a multi-millionaire at 11 after starting her own
business aged FOUR”
WL ( ရိုးရာလေး )