အသက် ၄ နှစ်မှာ စလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းနဲ့ အသက် ၁၁ နှစ်မှာ မီလျံနာဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်လေး

22-6-2022-yyl01.jpg

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လေး မီကာအီလာ အူလ်မာဟာ ၁၂ နှစ်မပြည့်ခင်မှာပဲ ဝင်ငွေ ဒေါ်လာ ၁၁ သန်းရှိတဲ့ စွန့်ဉီးတီထွင်လုပ်ငန်းရှင်ဖြစ်ခဲ့တယ်။ သူ့အဘွားဆီက ဟင်းချက်စာအုပ်အဟောင်းတစ်အုပ်ကို ရရှိခဲ့ပြီး အသက် ၄ နှစ်မှာ ရှောက်ဖျော်ရည်ကို စတင်ဖန်တီးခဲ့တယ်။ အဲဒီရှောက်ဖျော်ရည်လုပ်ငန်းကနေ ငွေတွေအများကြီးဝင်ခဲ့တယ်။

၂၀၁၆ ခုနှစ်မှာ သကြားအစား ပျားရည်ကို အသုံးပြုထားတဲ့ Me & the Bees Lemonade ထုတ်ကုန်ကို ရောင်းချဖို့အတွက် Whole Foods စူပါမားကတ်ကုမ္ပဏီကနေ ဖြန့်ချိရေးစာချုပ်နဲ့ ကြီးမားတဲ့ငွေပေးချေမှုကို ရရှိခဲ့တယ်။ အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ အမေရိကန်တစ်ဝှမ်းမှာ သူ့ရဲ့ထုတ်ကုန်ကို ရောင်းချဖို့ သိုလှောင်ထားတဲ့ ဆိုင်ပေါင်း ၁၅၀၀ ရှိနေပါပြီ။

ရှောက်ဖျော်ရည်လုပ်ငန်းနဲ့ မီလျံနာဖြစ်နေတဲ့ မီကာအီလာ

စွန့်ဦးတီထွင်လုပ်ငန်းရှင်လေးက ဖျော်ရည်ထုတ်တာမှာတင်ရပ်တန့်မနေဘဲ ကျောင်းတက်နေစဥ်အတွင်း ကိုယ်ပိုင် Lip Balm ​တွေထုတ်တာအပြင် စာအုပ်လည်း ရေးသားခဲ့တယ်။ ရောင်းချလို့ရတဲ့ ဖျော်ရည်တစ်ခုချင်းစီကရတဲ့ အမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းက ပျားထိန်းသိမ်းစောင့်ရှောက်ရေးဖောင်းဒေးရှင်းအတွက်ဖြစ်တယ်လို့ မီကာအီလာက ပြောပါတယ်။

Shark Tank တီဗီရှိုးမှာ မီကာအီလာ ပါဝင်ပြီးနောက် နောက်တဆင့်တက်လှမ်းဖို့အတွက် အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတချို့ရရှိခဲ့တယ်။ မူပိုင်ခွင့်ပြဿနာတွေရှိတဲ့အတွက် သူ့ရဲ့ထုတ်ကုန်ကို Me & the Bees Lemonade လို့ အမည်ပေးခဲ့ပါတယ်။ ထုတ်ကုန်နာမည်မှာ Bees ပါတာက ပျားတွေကယ်တင်ဖို့ ရောင်းရတဲ့အမြတ်ရဲ့ရာခိုင်နှုန်းကို လှူဒါန်းထားတဲ့အတွက်ကြောင့်ပါ။ အခုဆိုရင် မီကာအီလာရဲ့ရှောက်ဖျော်ရည်လုပ်ငန်းက ၁၀ နှစ်ကျော်သွားပါပြီ။

သူရေးသားခဲ့တဲ့စာအုပ်ကိုဖတ်နေတဲ့ မီကာအီလာ

ပြီးခဲ့တဲ့နှစ်က မီကာအီလာဟာ စီးပွားရေးလုပ်ငန်းလည်ပတ်ချင်တဲ့သူတွေကို အကြံပြုခဲ့တာက “ကုမ္ပဏီတစ်ခုကို စတင်နိုင်တဲ့ စွန့်ဉီးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်တဲ့သူတွေအပေါ်မှာ ကန့်သတ်ချက်နဲ့ တိကျတဲ့လမ်းညွှန်ချက်တွေ ရှိတယ်လို့ မထင်ပါဘူး။ အရင်ဆုံး အိပ်မက်ကြီးကြီးထားပါ။ ကလေးတစ်ယောက်လို စိတ်ကူးယဉ်အိပ်မက်ထားပါ။ ဒုတိယအနေနဲ့ ကိုယ့်ဝါသနာနောက်ကို လိုက်ပါ။ ပြီးရင် စတင်ပါ။

မီကာအီလာရဲ့ Me & the Bees Lemonade

စွန့်ဉီးတီထွင်သူတစ်ယောက်ဖြစ်ဖို့ မင်းက ဘယ်တော့မှ အသက်ကြီးလွန်းတယ် (ဒါမှမဟုတ်) အသက်ငယ်လွန်းတယ်လို့မရှိပါဘူး။ မင်းရဲ့စိတ်ကူးအိပ်မက်နဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုမရှိရင် အလုပ်လုပ်ရမှာ ခက်ခဲပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းတိုးတက်လာဖို့ အချိန်ယူရပါလိမ့်မယ်။ ကျွန်မကိုယုံပါ။ မင်း စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ မင်းရှေ့တည့်တည့်မှာ အလုပ်တွေအများကြီးရှိပါတယ်”တဲ့။

Ref: TheMirror “Girl becomes a multi-millionaire at 11 after starting her own
business aged FOUR”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top