အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က အသက် ၉၂ နှစ်အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်နီးနားချင်းတွေကို ရေဖိုး၊ မီးဖိုး သက်သာအောင် ကူညီပေးခဲ့ပါတယ်။ နာဗင်ချန်ဒရာဟာ ၂၀၀၀ ပြည့်နှစ်က မွမ်ဘိုင်းမြို့ Sealine အိမ်ရာကို စတင်ရွှေ့ပြောင်းနေထိုင်ခဲ့တာပါ။ ဒီအိမ်ရာမှာ နေထိုင်သူတွေက ရေကားတွေဆီကနေ ရေဝယ်သုံးနေကြတာ မြင်တော့ သူ အံ့သြသွားခဲ့တယ်။ မွမ်ဘိုင်းမြို့ဟာ မုတ်သုံမိုး ကောင်းကောင်းရတဲ့နေရာဖြစ်ပြီး ရေသယ်ကားတွေဆီက သန့်ရှင်းမှုနည်းပါးတဲ့ရေကို ဈေးကြီးပေး ဝယ်သုံးနေကြလို့ သူ အံ့သြခဲ့ရတာပါ။
အဲဒီနောက်မှာတော့ ချန်ဒရာက အိမ်ရာထဲမှာ ရေတံလျှောက်တွေ တပ်ဆင်ပြီး မိုးရေခံဖို့ တအိမ်တက်၊ တအိမ်ဆင်း စည်းရုံးခဲ့ပါတယ်။ ဒါ့အပြင် ဆိုလာပြား၊ လေဒလက်နဲ့ အမှိုက်ပစ်ကန်တွေ စနစ်တကျ တည်ဆောက်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖို့ လှုပ်ရှားခဲ့ပါတယ်။
ချန်ဒရာရဲ့ စည်းရုံးလှုပ်ရှားမှုကြောင့် ၂၀၁၂ ခုနှစ်ကစပြီး Sealine အိမ်ရာဟာ နှစ်စဉ်နှစ်တိုင်း မိုးရေ လီတာ ၂ သိန်းနီးပါး စုဆောင်းသိုလှောင်နိုင်ခဲ့ပြီး ရေသယ်ကားတွေဆီကနေ ရေဝယ်သုံးရတဲ့ အခြေအနေက ကင်းလွတ်ခဲ့ပါတယ်။
ရေဖိုး သက်သာသွားချိန်မှာ ချန်ဒရာက ဆိုလာပြားတွေ၊ လေဒလက်တွေ တပ်ဆင်အသုံးပြုပြီး မီတာခ တစ်ဝက်သက်သာအောင်လည်း ဦးဆောင်ဦးရွက် လုပ်ခဲ့ပါသေးတယ်။ စားကြွင်းစားကျန်တွေကို အမှိုက်ကန်ထဲ စနစ်တကျ လွှင့်ပစ်ပြီး မြေဆွေး ပြန်လည်ဖန်တီးခဲ့ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာကြီးမှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ကိုယ့်အနီးနား ပတ်ဝန်းကျင်ကို အရင်ပြောင်းလဲနိုင်ဖို့ မကြိုးစားဘဲ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေကြတယ်၊ တကယ်လို့ အိမ်ရာတိုင်း၊ ရပ်ကွက်တစ်ခုစီတိုင်းမှာ ချန်ဒရာလို လူတစ်ယောက်စီသာ ရှိမယ်ဆိုရင် ကမ္ဘာကြီး ပိုမိုစိမ်းလန်းစိုပြေလိမ့်မယ်ဆိုတဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိခဲ့ပါတယ်။
Ref: 92-Year-old Helped His Indian Neighbors Save 200,000 Liters of Water And Cut Their Electricity Bills in Half
NZ (ရိုးရာလေး)