ညတစ်ညမှာတော့ မြွေတစ်ကောင်ဟာ အစာရှာထွက်လာရင်းနဲ့ မျက်စိလည်လမ်းမှားပြီး လက်သမားဆရာတစ်ယောက်ရဲ့ အလုပ်ရုံထဲကို ရောက်ရှိလာခဲ့ပါတယ်။ အလုပ်ရုပ်ပိုင်ရှင် လက်သမားဆရာရဲ့ လွှတစ်လက်အပါအဝင် ကိရိယာတန်ဆာပလာတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲလို့နေပါတယ်။
မြွေဟာ အစာဘယ်နားရှိမလဲရှာဖွေရင်း မြေပြင်ပေါ်မှာချထားတဲ့ လွှပေါ်ကိုရောက်ရှိသွားတဲ့အခါ လွှမှာရှိတဲ့ ဆူသွားတွေက မြွေရဲ့ အရေခွံကို ခြစ်မိသွားပါတယ်။ ရုတ်တရက်ထိခိုက်မိသွားတာကြောင့် နာကျင်သွားတဲ့မြွေက “ဒီပစ္စည်း ငါ့ကိုတိုက်ခိုက်နေတာပဲ” လို့ယူဆကာ ပြန်လှည့်ပြီး ပေါက်လိုက်ပါတယ်။ အဲဒီအခါမှာ ချွန်ထက်လှတဲ့ လွှသွားတွေကို ပေါက်မိတာကြောင့် မြွေရဲ့ ပါးစပ်မှာ သွေးအလိမ်းလိမ်းထွက်ပြီး သေလုနီးပါး အတော်နာကျင်သွားပါတယ်။ အဲဒီနောက်မှာတော့ မြွေက အခြေအနေမဟန်မှန်းသိပြီး အဝေးကို ထွက်ပြေးသွားပါတော့တယ်။
နောက်တစ်နေ့မနက်မှာတော့ လက်သမားဆရာဟာ အလုပ်ရုံတံခါးဝမှာ သွေးတွေထွက်ပြီးသေနေတဲ့မြွေတစ်ကာင်ကို တွေ့လိုက်ရပါတော့တယ်။
ဒီအကြောင်းအရာလေးကတော့ တိုပါတယ်။ ဒါပေမဲ့ မှတ်သားစရာတွေ ပါပါတယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တိုက်ခိုက်မှုတွေ၊ နာကျင်မှုတွေ ခံစားလာရတဲ့အခါ မစဉ်းစားမတွေးတော့ဘဲ ထင်ရာမြင်ရာကို ဒေါသထွက်တတ်ကြပါတယ်။ တစ်ခါတလေမှာ သူတစ်ပါးကိုထိခိုက်နာကျင်စေလိုတာကြောင့် ပြုလိုက်တဲ့ကိုယ့်အပြုအမူက ကိုယ်ကိုယ်တိုင် သေလုနီးပါးနာကျင်ရတဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ကြပါတယ်။ ဒီပုံပြင်လေးထဲမှာတော့ မြွေက ဦးနှောက်အသိညဏ်မရှိလို့ သက်မဲ့ပစ္စည်းဖြစ်တဲ့လွှကို ပြန်ပြီးရန်မူခဲ့တဲ့အတွက် အသက်ဆုံးရှုံးရပေမဲ့ အသိညဏ်ရှိတဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့လူသားတွေက “ဒေါသရှေ့ထား မှားတတ်တယ်” ဆိုတဲ့အတိုင်း တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်က ရန်မူ ပြဿနာရှာတိုင်း ချက်ချင်း ပြန်ပြီးမတုံပြန်ဘဲ ကြောင်းကျိုးဆီလျော်အောင် စဉ်းစားပြီးမှသာ ပြန်လည်တုံပြန်သင့်ပါတယ်။
Ref: “Don’t Hurt Anymore”
Paradise (ရိုးရာလေး)