Lateral Thinking (ဖြန့်ကျက်တွေးခြင်း)

44398782_1401035013361574_8087362185019260928_n.jpg

ဖြန့်ကျက်တွေးခြင်းဆိုတာကတော့ ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာ ဖြစ်စေ၊ တစ်ခုခုကို ဖန်တီးတဲ့ အခါမှာဖြစ်စေ သာမန် ရှေးရိုးလမ်းစဉ်တွေအတိုင်း မဟုတ်ဘဲ တခြား ရှုထောင့်တွေကနေ ဖြန့်ကျက်တွေးတောပြီး လိုရာရောက်အောင် သွားရတာ ဖြစ်ပါတယ်။

ဒီလိုတွေးတောနည်းတွေကို လေ့ကျင့်ယူလို့ရပါတယ်။ ဒါပေမဲ့နေရာတိုင်းမှာ အလုပ်မဖြစ်တတ်တာကိုတော့ တွေ့ရမှာပါ။ ဖြန့်ကျက်တွေးတောခြင်းအရ သင်ခံစားရမယ့် အကျိုးတွေကတော့ သူများတွေ မမြင်နိုင်တဲ့ ရှုထောင့်ကနေ စဉ်းစားရတာဖြစ်လို့ အနည်းငယ် ခဲယဉ်းနေပေမယ့် ကြာလာတာနဲ့အမျှ သင်ဟာ ပြဿနာတွေကို ဖြေရှင်းတဲ့အပိုင်းမှာ ပိုမို ကျွမ်းကျင်လာမှာ ဖြစ်ပါတယ်။

ပြဿနာတွေကို ဖြေရှင်းတဲ့ အခါ မေးခွန်းတွေ များများ မေးရပါတယ်။ ဘာလဲ။ ဘယ်သူလဲ။ ဘယ်နေရာလဲ။ ဘယ်အချိန်လဲ။ ဘာကြောင့်လဲ စသဖြင့် ရှုထောင့်ပေါင်းစုံကနေ စဉ်းစားရတာဖြစ်ပါတယ်။ ဒီလို အချက်အလက် ခိုင်လုံမှသာ ကိုယ်လိုချင်တဲ့ အဖြေကို သိနိုင်မှာ ဖြစ်ပါတယ်။

အောက်မှာတော့ ဖြန့်ကျက်တွေးခြင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးတွေ မေးထားပါတယ်။ အဖြေတွေကို အောက်ဆုံးမှာရေးပေးထားပါတယ်။ အဖြေတွေကို မကြည့်သေးဘဲ ဖြေဆိုကြည့်ပြီး ဘယ်နှစ်ခု မှန်ကန်အောင် ဖြေနိုင်သလဲဆိုတာ ရေးပေးခဲ့ကြပါဦး။

(၁) မောင်ဖြူရဲ့ အဖေမှာ သားသမီး ၇ ယောက်ရှိပါတယ်။ ကိုကို၊ ကောင်းကောင်း၊ ကျော်ကျော်၊ ကြည်ကြည်၊ ကြူကြူ၊ ကျင်ကျင်နဲ့ နောက်တစ်ယောက်ပါ။ နောက်တစ်ယောက်က ဘယ်သူပါလဲ။

(၂) လူတစ်ယောက်ဟာ သင်္ဘောတစ်စီးပေါ်ကနေ ငါးမျှားဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူရဲ့ ငါးမျှားတံဟာ ရေထဲကို မမှီနိုင်တာကြောင့် သူဟာ ရေတက်လာတာကို စောင့်ခဲ့ပါတယ်။ ရေတက်လာပေမယ့်လည်း မမှီသေးပါဘူး။ နောက်ဆုံး ရေအများဆုံးအချိန်မှာတောင်မှပဲ သူရဲ့ ငါးမျှားတံဟာ ရေထဲကို မမှီခဲ့ပါဘူး။ ဘာဖြစ်လို့ပါလဲ။

(၃) လူတစ်ယောက်ဟာ ၁၂ ထပ်တိုက်တစ်လုံးမှာ နေပါတယ်။ သူဟာ အလုပ်အသွားအပြန်မှာ ဓာတ်လှေကားစီးပြီး သူရဲ့ အခန်းကို ပြန်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူဟာ အလုပ်ကအပြန် ဓာတ်လှေကားစီးပြီး ပြန်တက်လာရာမှာ ၇ ထပ်မြောက်မှာ ဓာတ်လှေကားထဲက ထွက်သွားပါတယ်။ဘာဖြစ်လို့ပါလဲ။

(၄) တချို့လတွေ ဟာ ရက် ၃၀ ရှိပြီး တချို့လတွေကတော့ ၃၁ ရက်ရှိပါတယ်။ ဘယ်လတွေမှာ ၂၈ ရက်ရှိပါသလဲ။

(၅) လူ ၅ ယောက်ဟာ အိမ် ၅ လုံးကို ၅ ရက်အတွင်းပြီးအောင် ဆောက်နိုင်ပါတယ်။ လူ ၂၀ ဟာ အိမ်အလုံး ၂၀ ကို ဘယ်နှစ်ရက်ကြာအောင် ဆောက်ရပါမလဲ။

(၆) သင်ဟာ မီးခြစ်ဆံတစ်ခုကို ကိုင်ပြီး မဲမှောင်အေးစက်နေတဲ့ အခန်းတစ်ခုထဲကို ဝင်သွားရပါတယ်။ အခန်းထဲမှာ မီးအိမ်ရယ်၊ ဖယောင်းတိုင်ရယ်၊ ရေနံဆီ မီးခွက်ရယ် ရှိနေပါတယ်။ ဘယ်အရာကို စတင်ပြီး မီးညှိသင့်ပါသလဲ။

(၇) ဦးအေးရဲ့ အသက်ဟာ သူ့အစ်မ ၆ နှစ်အရွယ်တုန်းက သူ့အစ်မအသက်ရဲ့ ထက်ဝက် ဖြစ်ပါတယ်။ အခုအခါ သူ့အစ်မဟာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုအခါ ဦးအေးရဲ့ အသက်ဘယ်လောက်ရှိပါပြီလဲ။

(၈) တစ်နေ့ကတုန်းက ကျွန်တော့် အသက်ဟာ ၇ နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ နောက်လာမယ့်နှစ်မှာ ၁၀နှစ် ဖြစ်လာမှာပါ။ ဘယ်လိုဖြစ်နိုင်တာပါလဲ။

(၉) ခြင်းတောင်းထဲမှာ ကြက်ဥ ၁၀ လုံးရှိနေပါတယ်။ လူ ၁၀ ဦးဟာ ကြက်ဥတစ်လုံးစီကို ယူသွားခဲ့မယ်ဆိုရင် ခြင်းတောင်းထဲမှာ ကြက်ဥ ဘယ်နှစ်လုံးရှိနေလိမ့်မလဲ။

(၁၀) သင်ဟာ ကားတစ်စီးကို မောင်းလာတယ်ဆိုပါစို့။ လမ်းမှာ ကားစောင့်နေကြတဲ့ အသက်ကြီးတဲ့ အဘွားအိုကြီးရယ်၊ သင့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ သူငယ်ချင်းရယ်၊ သင့်ချစ်သူရယ် ကိုတွေခဲ့ရင် သင်ဘယ်သူ့ကို ခေါ်တင်သွားမလဲ။

 

(၁) နောက်တစ်ယောက်က မောင်ဖြူ ဖြစ်ပါတယ်။

(၂) သင်္ဘော ပေါ်မှာဖြစ်တာကြောင့် ရေတက်လာလည်း အရင်အတိုင်းပဲ ဖြစ်နေမှာပါ။ သင်္ဘောကိုယ်တိုင်က လိုက်ပြီးမြင့်လာမှာပါ။

(၃) သူက ၇ ထပ်မြောက်မှာ နေလို့ပါ။ ၁၂ တိုက်မှာနေတယ်လို့ပဲပြောခဲ့တာပါ။

(၄) ၂၈ ရက်ကတော့ လတိုင်းမှာရှိပါတယ်။

(၅) ၅ ရက်ပါပဲ။ ၅ယောက်ဟာ ၅ရက်မှာ ၅ လုံးပြီးတယ်ဆိုတာ ၅ ယောက်ဟာ ၁ ရက်မှာ ၁ လုံးပြီးတာပါ။ အယောက် ၂၀ ဆိုတော့ ၁ရက်မှာ ၄ လုံးပြီးပါတယ်။ အလုံး ၂၀ ပြီးဖို့ ၅ ရက်ပဲလိုပါလိမ့်မယ်။

(၆) အရင်ဆုံးမီးညှိသင့်တာက မီးခြစ်ဆံ ပါ။

(၇) ၅၃ နှစ်ဖြစ်ပါတယ်။ သူ့အစ်မ ၆ နှစ်မှာ ဦးအေးဟာ ၃ နှစ်ဖြစ်တာကြောင့် သူ့အစ်မက ဦးအေးထက် ၃ နှစ်ပဲကြီးတာပါ။

(၈) ဒီနေ့ဟာ ဇန်နဝါရီ ၁ ရက်ပါ။ မနေ့က ဒီဇင်ဘာ ၃၁ ဟာ ကျွန်တော့ မွေးနေ့ပါ။ တစ်နေ့က တုန်းကဆိုတော့ အဲဒီနေ့ဟာ ဒီဇင်ဘာ ၃၀ ဖြစ်ပြီး ကျွန်တော်ဟာ ၇ နှစ်ပါ။ မနေ့ကတုန်းကတော့ မွေးနေ့ရောက်ခဲ့တာမို့ ၈ နှစ်ပြည့်သွားတာကြောင့် ဒီနေ့မှာ ၉ နှစ်ထဲဝင်သွားပါပြီ။ နောက်နှစ်ဒီလိုအချိန်မှာ ကျွန်တော်ဟာ ၁၀ ထဲဝင်သွားမှာဖြစ်ပါတယ်။

(၉) ၁ လုံးတော့ကျန်နေမှာပါ။ နောက်ဆုံးယူတဲ့သူက ခြင်းတောင်းကိုပါ ယူသွားမှာပါ။

(၁၀) အကောင်းဆုံးနည်းလမ်းက သင့်သူငယ်ချင်းကို ကားသော့ပေးလိုက်ပြီး အဘွားကြီးကို လိုက်ပို့ခိုင်းလိုက်ပါ။ သင်ကတော့ သင့်ချစ်သူနဲ့ လမ်းလျောက်လာခဲ့လိုက်ပေါ့။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top