စတောလုံးန် (ရမ်ဘို) ပြန်လာပြီ

45404365_1412406915557717_841912176695312384_n-e1551432893168.jpg

၁၀ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆီဗက်စတာ စတောလုံးန် (Sylvester Stallone) ဟာ ရမ်ဘို (Rambo) ဇာတ်ကောင်ကို ပြန်အသက်သွင်းဖို့ အတည်ပြုပြီး စတင် ရိုက်ကူးနေပါပြီ။ မကြာသေးမီကပဲ စတောလုံးန် ဟာ (Rambo 5) ရိုက်ကွင်းထဲက ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက် မှာတင်ခဲ့တာကြောင့် ပရိတ်သတ်တွေက စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာတော့ ဂျွန်ရမ်ဘိုအနေနဲ့ အေရီဇိုးနားပြည်နယ်က စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက်အနေနဲ့ ပါဝင်လာမှာပါ။ သူ့သူငယ်ချင်းရဲ့သမီးလေးဟာ မက္ကဆီကိုနိုင်ငံ နယ်စပ်မှာ ပျောက်ဆုံးသွားတာကြောင့် လိုက်လံစုံစမ်းရင်းနဲ့ မိန်းကလေးတွေကို လိင်ကျွန်တွေအဖြစ် ကုန်ကူးတဲ့အဖွဲ့တွေနဲ့ရင်ဆိုင်ပြီး အပြတ်အသတ် ကြမ်းရမ်းပြမှာဖြစ်ပါတယ်။

ပထမ ဓာတ်ပုံတစ်ပုံကို စတောလုံးန်က သူရဲ့ အင်စတာဂရမ် အကောင့်မှာတင်ခဲ့တာဖြစ်ပြီး ဒီပုံအရ သူ့ရဲ့သွင်ပြင်ဟာ အေရီဇိုးနာပြည်နယ်က စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက် ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း သိသာစေပါတယ်။ သူဟာ ဒီပုံကို ” ကျွန်တော်တို့ဒီည ရိုက်ကူးရေး စပါပြီ” ဆိုတဲ့ စာနဲ့အတူ တွဲပြီးတင်ခဲ့တာပါ။

ဒုတိယပုံမှာတော့ မြင်းတစ်ကောင်ကို စီးနင်းနေတဲ့ စတောလုံးန်ကို မြင်တွေ့ရမှာပါ။ ပြီးတော့ ဒီဓာတ်ပုံထဲက အတိုင်း ရုပ်ရှင်ထဲမှာပါဝင်လာမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါသေးတယ်။ သူရဲ့ ဝတ်စုံဟာလည်း အနည်းငယ်ထူးဆန်းတာကြောင့် (အရင်ဇာတ်လမ်းတွေနဲ့ မတူတာကြောင့်) ဇာတ်ကောင်ရဲ့ စရိုက်ဟာ ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စတောလုံးန်ကိုယ်တိုင်ကလည်းပဲ သူ့ရဲ့ အသက်အရွယ်ကြောင့် ရမ်ဘိုဇာတ်ကောင်နေရာမှာ ထပ်ပြီးသရုပ်ဆောင်ဖို့ အနည်းငယ် စိုးရိမ်ခဲ့ရတယ်လို့ ပြောပါတယ်။ ”စိတ်ဆန္ဒကတော့ ရှိတာပေါ့ဗျာ၊ ခန္ဓာကိုယ်ကတော့ အိမ်မှာပဲ နေပါတော့ လို့ပြောနေပြီဆိုတော့ ခက်တာပဲ။ လက်ဝှေ့ထိုးဖို့ ၁၂ ချီမြောက် စင်ပေါ်တက်ရတဲ့လူလို ဖြစ်နေပါပြီ။ တခြားတစ်ယောက်ကို ပေးလိုက်ပါတော့” လို့ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် စတောလုံးန်ဟာ ဒီအသက်အရွယ် အထိ (Gym) မှာ လေ့ကျင့်ခန်း လုပ်ရတာ နှစ်သက်နေတုန်း ဖြစ်ပြီး ကျန်းမာသန်စွမ်းသေးတာကြောင့် ရိုက်ကူးဖို့ကို လက်ခံခဲ့တာဖြစ်ပါတယ်။ Rambo 5 – The savage hunt ကို လာမယ့် ၂၀၁၉ မှာ ရုံတင်ပြသသွားဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေဟာ Rambo ဆိုတဲ့ ဇာတ်ကောင်နဲ့ ရုပ်ရှင်ကားတွေ၊ ဂိမ်းတွေ စာအုပ်တွေထဲမှာရင်နှီးခဲ့ရပြီး အခုအချိန်မှ ပြန်ပေါ်လာတာက စိတ်လှုပ်ရှားစရာပါပဲ။ အရင် Rambo လိုမျိုး သေနတ်တရမ်းရမ်းနဲ့ လက်ပစ်ဗုံးတွေ၊ ဓားတွေ နဲ့ မဟုတ်ပဲ ဘယ်လိုထူးဆန်းတဲ့ပုံစံနဲ့ တင်ဆက်လာလိမ့်ဦးမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: Men’s Health ”Here’s your first look at Sylvester Stallone in rambo 5”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top