လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ရွာအတွက် ကိုယ်ပိုင်ငွေသုံးပြီး တံတားထိုးပေးခဲ့တဲ့ တရုတ်အမျိုးသား ဖမ်းဆီးခံရ

17.9.2024-yyl-4.jpg

လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ရွာအတွက် ကိုယ်ပိုင်ငွေသုံးပြီး ဗောတံတားထိုးခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ တည်ဆောက်မှုကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်း ကျီလင်းပြည်နယ်မှာ တည်ရှိတဲ့ ကျန်းလင်းရွာလေးဟာ ၂၀၀၅ ခုနှစ်မတိုင်ခင်ကတော့ တိုးဝါမြစ်ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့ပြီး အနီးဆုံးမြစ်ကူးတံတားဆီကိုသွားဖို့ ကီလိုမီတာ ၇၀ သွားရပါတယ်။

တိုးဝါမြစ် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကို ကူးတို့လှေထောင်ထားတဲ့ ဟောင်တေးယီက မြစ်ကူးတံတားထိုးဖို့ အကြံရခဲ့ပြီး သူ့ကိုယ်ပိုင်ငွေကြေးသုံးကာ ဗောတံတား ထိုးခဲ့ပါတယ်။ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားကြပြီး စီးပွားရေးလုပ်ငန်းတွေ ပိုမိုမြန်ဆန် ချောမွေ့လာတဲ့အတွက် တံတားကြေးပေးရတာကို မငြိုငြင်ကြပါဘူး။ ဒါပေမဲ့ ဟောင်တေးယီရဲ့ ဗောတံတားဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရယူပြီး တည်ဆောက်ခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာတော့ ဟောင်တေးယီနဲ့ အခြားရွာသား ၁၇ ဦးဟာ ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာနိုင်စေဖို့ တံတားကို အဆင့်မြှင်တင်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက် ၄ နှစ်အကြာမှာတော့ တောင်နန်ရေကြောင်းအာဏာပိုင်အဖွဲ့က ဗောတံတားကို ဖြိုချဖို့ အမိန့်ထုတ်ခဲ့ပြီး ဟောင်တေးယီတို့ မိသားစုက ကိုယ်ကျိုးစီးပွားရှာနေကြတာလို့ စွပ်စွဲခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဟောင်တေးယီနဲ့ မိသားစုဝင်တွေဟာ ၄ နှစ်တာအတွင်း ဗောတံတားပေါ် ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေထံကနေ ယွမ် ၄၄၀၀၀ ကောက်ခံမှုအပါအဝင် စွဲချက်အများအပြားနဲ့ ထိန်းသိမ်းခံခဲ့ပြီး ထောင်ဒဏ် ၂ နှစ်၊ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဟောင်တေးယီက သူ့ရဲ့ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ရာမှာ ပယ်ချခံခဲ့ရပြီး အထက်တရားရုံးကို အယူခံဝင်ရာမှာတော့ ပြန်လှန်သုံးသပ်လျက် ရှိပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် တံတားမထိုးပေးတဲ့ အာဏာပိုင်တွေကို ဝေဖန်သူတွေ ရှိသလို ဟောင်တေးယီ တည်ဆောက်ထားတဲ့ တံတားရဲ့ ဘေးကင်းလုံခြုံမှုကို ထောက်ပြသူတွေလည်း ရှိပါတယ်။

Ref: Man Builds River Bridge for Isolated Village, Gets Two Years in Prison
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top