ယူကရိန်းအရေး တင်းမာနေချိန်မှာ ဥရောပအရှေ့ပိုင်းကို အမေရိကန်စစ်သည် ၃၀၀၀ ပို့ဆောင်

30.1.2021yyl38.jpg

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်သိန်းချီ တပ်စွဲထားချိန် ဥရောပတိုက်အရှေ့ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အားကောင်းစေဖို့အတွက် အမေရိကန်စစ်သည် ၃၀၀၀ ကို ပိုလန်၊ ဂျာမနီနဲ့ ရိုမေးနီးယားနိုင်ငံတွေထံ ဖြန့်ကျက်ပို့ဆောင်သွားဖို့ သမ္မတဂျိုးဘိုင်ဒင်က တရားဝင်အတည်ပြုလိုက်ပါပြီ။

အမေရိကန်စစ်သည်တွေကို ဥရောပတိုက်အရှေ့ပိုင်း ပို့ဆောင်မှုဟာ ယူကရိန်းနယ်စပ်နား တိုးလာတဲ့ ရုရှားစစ်တပ်ကြောင့် ခြိမ်းခြောက်ခံရသလို ဖြစ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အားပေးကြောင်း ပြသမှု ဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အကြမ်းဖျင်းအားဖြင့် စစ်သည် ၂၀၀၀ ကို ပိုလန်နဲ့ ဂျာမနီနိုင်ငံတွေထံ ပို့ဆောင်မှာဖြစ်ပြီး လက်ရှိဂျာမနီမှာ စခန်းချနေတဲ့ စစ်သည် ၁၀၀၀ ကို ရိုမေးနီးယားနိုင်ငံထံ စေလွှတ်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစစ်သည်တွေကို အမြဲတမ်းတပ်စွဲခိုင်းမှာ မဟုတ်သလို ယူကရိန်းနိုင်ငံမှာလည်း ဝင်ရောက်တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဂျွန်ကာဘီက ဆိုပါတယ်။

ရုရှားနိုင်ငံက အမေရိကန်၊ နေတိုးအဖွဲ့တို့နဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ တင်းမာမှု ပြေလျော့တဲ့လက္ခဏာ မရှိသေးပါဘူး။ ရုရှားသမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်ဖွယ်ရှိတဲ့ အလားအလာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပြင်ဆင်မှုတွေထဲမှာ စစ်သည်တွေ ဖြန့်ကျက်မှုက အထင်ရှားဆုံး လှုပ်ရှားမှုတစ်ရပ် ဖြစ်လာပါတယ်။

အခုလို စစ်သည်တွေ ထပ်မံဖြန့်ကျက်မှုဟာ ယူကရိန်း (သို့) တခြားနိုင်ငံ တစ်နိုင်ငံကို ကျူးကျော်ဖို့ ရုရှားသမ္မတ ပူတင် ဆုံးဖြတ်ထားတယ်လို့ အမေရိကန်က ယုံကြည်ထားတာကြောင့် မဟုတ်ဘူး၊ ‘တကယ်လို့ ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဆင့်ကဲအကျိုးဆက်တွေ ရှိလာမယ်ဆိုတာ ပြသချင်တဲ့ သဘောပါ’လို့ ဂျွန်ကာဘီက ပြောပါတယ်။ ” နေတိုးအဖွဲ့နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမှန်သမျှကို တွန်းလှန်သွားမယ်ဆိုတာ သူ့ကို သိစေချင်ပါတယ်။ ဒါဆိုရင် ပုဒ်မ ၅ အကျုံးဝင်လာပြီး ကျွန်တော်တို့ မဟာမိတ်တို့ရဲ့ကာကွယ်ရေးအတွက် ကတိပြုဆောင်ရွက်သွားမှာပါ”လို့ ဂျွန်ကာဘီက ပြောပါတယ်။

နေတိုးတုံ့ပြန်လှုပ်ရှားရေးတပ်ဖွဲ့ ခေါ်ယူရမယ့်အခြေအနေမျိုးဖြစ်လာပြီး အမေရိကန်တပ်ဖွဲ့တွေကို အရေးတကြီး လိုအပ်လာခဲ့ရင် အသင့်ဖြစ်စေဖို့ အမေရိကန်က စစ်သည် ၈၅၀၀ ကို အသင့်အနေအထား ပြင်ဆင်ထားပါတယ်။ အမေရိကန်နဲ့ နေတိုးအဖွဲ့ဟာ ဥရောပအရှေ့ပိုင်းမဟာမိတ်နိုင်ငံတွေထံ နောက်ထပ်စစ်သည် ဖြန့်ကျက်ဖို့အတွက် ဥရောပမှာ ရှိပြီးသား တခြားစစ်သည်သိန်းချီကိုလည်း အသုံးပြုလို့ ရပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဖို့ တောင်းဆိုထားပေမဲ့ အဲဒီတောင်းဆိုချက်ကို လုံးဝလိုက်လျောပေးမှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ နေတိုးအဖွဲ့က ရုရှားနိုင်ငံထံ စာရေးသားအကြောင်းပြန်ခဲ့ကြောင်း စပိန်သတင်းစာက ဖော်ပြခဲ့ပြီး အဲဒီဖော်ပြချက်ကို ဂျွန်ကာဘီကလည်း ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။

Ref: CNN “US troops to deploy to Eastern Europe amid Ukraine crisis”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top