တစ်ကိုယ်တော်လုပ်အားနဲ့ လမ်းဖောက်ခဲ့တဲ့ ကင်ညာနိုင်ငံသား

57180265_2324918694205704_2442274414897659904_n.jpg

နေ့ဘက်မှာ ကျပန်းအလုပ်လုပ်၊ ညဘက်မှာ လုံခြုံရေးအလုပ်လုပ်ပြီး ဝမ်းရေးဖြေရှင်းခဲ့ရတဲ့ မူချာမီဟာ အချိန်တိုအတွင်းမှာပဲ သူ့ရွာသူ၊ ရွာသားတွေအတွက် သူရဲကောင်းဖြစ်သွားခဲ့ပါတယ်။
မူချာမီဟာ ပေါက်တူး၊ တူးရွင်းငန်းပြား၊ ပုဆိန်တွေကို အသုံးပြုပြီး တစ်ကိုယ်တော်လုပ်အားနဲ့ လမ်းဖောက်ပေးခဲ့တာဖြစ်ပါတယ်။ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မြောက်ဘက် ကီလိုမီတာ (၈၀) အကွာမှာရှိတဲ့ မူရမ်ဂါကောင်တီမှာ နေထိုင်သူတွေဟာ ဈေးဝယ်စင်တာကိုသွားဖို့ (၄) ကီလိုမီတာလောက် ခရီးနှင်ရပါတယ်။

အရင်တုန်းက ဖြတ်လမ်းရှိခဲ့ပေမဲ့ ဖြတ်လမ်းဖောက်ထားတဲ့ မြေကွက်ပိုင်ရှင်က သူ့မြေကွက်ကို ခြံခတ်ပြီးချိန်မှာ ရွာသားတွေ အခက်တွေ့ကုန်ကြပါတယ်။ ရွာသူ၊ ရွာသားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့အတွက် မူချာမီက (၆) ရက်လုံးလုံး တစ်ရက် (၁၀) နာရီနှုန်းနဲ့ လမ်းဖောက်ခဲ့ပါတယ်။ မနက် (၇) နာရီကစပြီး လမ်းဖောက်တဲ့ မူချာမီဟာ ညနေ (၅) နာရီမှ အလုပ်သိမ်းပါတယ်။ အဲဒီလိုနဲ့ (၆) ရက်တိုင်တိုင် လမ်းဖောက်ခဲ့တာ တစ်မိုင်အကွာအဝေးအထိ လမ်းပေါက်သွားခဲ့ပါပြီ။ မူချာမီ လမ်းဖောက်နေတဲ့မြေဟာ လမ်းဖောက်ဖို့ တရားဝင် သတ်မှတ်ထားတဲ့မြေဖြစ်ပေမဲ့ ဒေသခံခေါင်းဆောင်တွေကို လမ်းဖောက်ဖို့ တိုက်တွန်းမှု မအောင်မြင်ခဲ့လို့လမ်းမဖြစ်ခဲ့တာပါ။

လမ်းပြီးဆုံးဖို့ ကီလိုမီတာတစ်ဝက်လောက် လိုနေသေးပေမဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ဒေသခံတွေက သူရှင်းလင်းထားတဲ့ လမ်းပိုင်းကို အသုံးပြုနေကြပါပြီ။ မူချာမီက မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ လုပ်အားပေးနေကြပေမဲ့ ရွာသူ၊ ရွာသားတွေကတော့ ပိုက်ဆံမရမယ့်အလုပ်မို့လို့ ဘယ်သူမှ ဝင်မကူကြပါဘူး။ ရွာသူ၊ ရွာသားတွေ ဝင်မကူကြပေမဲ့ ကျန်နေတဲ့လမ်းပိုင်းကို ဆက်ဖောက်သွားဖို့ စီစဉ်ထားတယ်လို့ မူချာမီက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top