Panda Plan ဇာတ်ကားမှာ စတန့်ခန်းရိုက်ကူးရင်း သတိလစ်သွားခဲ့သေးတဲ့ ဂျက်ကီချန်း

1.10.2024-yyl-1.jpg

ကိုယ်ခံပညာအကျော်အမော် ဝါရင့်သရုပ်ဆောင်ကြီးဂျက်ကီချန်းဟာ အသက် ၇၀ အရွယ်ရှိနေပြီး စတန့်တွေကို လူစားမထိုးဘဲ သူကိုယ်တိုင် လုပ်ဆောင်နေတုန်းပါပဲ။ မကြာသေးခင်က သူ့ရဲ့ဇာတ်ကားအသစ် Panda Plan ရဲ့ရိုက်ကွင်းနောက်ကွက်က ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုမှာ ဇာတ်ဝင်ခန်းအနေနဲ့ တွဲဖက်သရုပ်ဆောင်အမျိုးသားက ဂျက်ကီချန်းရဲ့ခေါင်းကို လက်မောင်းနဲ့သိုင်းချုပ်နေတဲ့အချိန် ဂျက်ကီ ‌သတိလစ်သွားကာ မြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အဲ့ဒီတွဲဖက်သရုပ်ဆောင်က ချက်ချင်းပဲ ဖြေလျော့လိုက်ပြီး ဂျက်ကီ သတိလစ်သွားတာကို ကူညီပေးခဲ့ပါတယ်။ ရိုက်ကွင်းအဖွဲ့သားတွေလည်း အပြေးအလွှားရောက်လာခဲ့ပါတယ်။ ဂျက်ကီချန်းပြန်နိုးလာတော့ သူ ဘာဖြစ်သွားလဲဆိုတာ သတိမထားမိပုံရပါတယ်။ ရိုက်ကွင်းအဖွဲ့သားတစ်ဦးကို ကြည့်ပြီး “ဘာဖြစ်နေကြတာလဲ”လို့ မေးမြန်းခဲ့ပါသေးတယ်။

သူ သတိလစ်သွားတာကို သိသွားတဲ့အချိန်မှာ စတန့်လုပ်ရင်း အသက်ရှုကြပ်သွားတာကြောင့်ဖြစ်သွားခဲ့တာလို့ ဂျက်ကီချန်းက ပြောပါတယ်။ မတ်တပ်ရပ်ဖို့ အကူအညီလိုနေတာတောင် သူ အဆင်ပြေတယ်လို့ပဲ ပြောခဲ့ပါတယ်။ ခဏအနားယူပြီးနောက် ဒီဇာတ်ဝင်ခန်းကိုပဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာလည်း အဲ့ဒီနေ့က ရိုက်ကွင်းမှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျက်ကီချန်းက အခုလို ပြောပါတယ်။ “ဒါက ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ ကျွန်တော် အဆင်ပြေတယ်ဆိုတာကို တခြားလူတွေကို ယုံကြည်စေချင်ခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် ကျွန်တော့်ကို စတန့်သမားသုံးခိုင်းမှာ။ သူတို့ စတန့်သမားသုံးနေတဲ့အချိန် ကျွန်တော်ထိုင်နေရရင် ကျွန်တော် အပြစ်ရှိသလိုခံစားရပါတယ်”တဲ့။

ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Panda Plan ဇာတ်ကားကို တရုတ်နိုင်ငံမှာ အောက်တိုဘာ ၁ ရက်နေ့ပြသမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ အောက်တိုဘာ ၁၈ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: Jackie Chan, 70, Faints While Getting Strangled For A Scene, Asks What Happened After Regaining Consciousness

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top