၁၈ မိနစ် တစ်ကြိမ် ရေဒီယိုလှိုင်း ထုတ်လွှတ်နေတဲ့ အံ့အားသင့်ဖွယ် အရာတစ်ခုကို တွေ့ရှိ

28-2-2022-yyl6.jpg

စကြဝဠာထဲက ရေဒီယိုလှိုင်းတွေကို မှတ်တမ်းတင်နေတုန်း စွမ်းအင်အများအပြား ထုတ်လွှတ်နေတဲ့ အရာတစ်ခုကို နက္ခတ္တပညာရှင်တွေက အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ အဲဒီလို အရာမျိုးကို အရင်တုန်းက မတွေ့ဖူးကြပါဘူး။ တဖြည်းဖြည်းချင်း လည်နေတဲ့ အဲဒီအရာဟာ တစ်နာရီကို ရောင်ခြည် ၃ ကြိမ် ဖြာထွက်နေပြီး ကမ္ဘာမြေကနေ မြင်တွေ့ရတဲ့ ရေဒီယိုလှိုင်း ထုတ်လွှတ်မှုရင်းမြစ်တွေထဲမှာ အတောက်ပဆုံး ဖြစ်နေပါတယ်။ စကြဝဠာမီးပြတိုက်လို တလက်လက် တောက်ပနေတဲ့ အဲဒီအရာကို ၂၀၁၈ ခုနှစ် မတ်လမှာ သြစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်ရဲ့ ဂုဏ်ထူးတန်းကျောင်းသားတစ်ယောက်က တွေ့ရှိခဲ့တာပါ။

ဒါဟာ သံလိုက်စက်ကွင်းအားကောင်းပြီး ကြွေကျသွားတဲ့ ကြယ်တစ်လုံးရဲ့ အကြွင်းအကျန် အပိုင်းအစ ဖြစ်နိုင်တယ်လို့ နက္ခတ္တပညာရှင်တွေက ယူဆကြပေမဲ့ တခြားအရာတစ်ခုလည်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။ ” ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုတွေမှာ အဲဒီအရာက နာရီအနည်းငယ်ကြာ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ကမ္ဘာနဲ့ တော်တော်နီးတယ်။ အလင်းနှစ် ၄၀၀၀ လောက်ပဲ ဝေးတယ်။

တလက်လက်လင်းနေပြီး ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတတ်တဲ့ အာကာသထဲက အရာတွေကို ဧည့်သည်တွေလို့ ခေါ်ကြလေ့ရှိပါတယ်။ စူပါနိုဗာလို အရောက်အပေါက်နည်းတဲ့ ဧည့်သည်တွေကတော့ ရက်နည်းနည်းလောက်ပေါ်လာပြီးရင် လနဲ့ချီ ပျောက်ပျောက်သွားတတ်ပါတယ်။ အရောက်အပေါက်လွယ်တဲ့ ဧည့်သည်တွေကတော့ မီလီစက္ကန့် ဒါမှမဟုတ် တစ်စက္ကန့်အတွင်းမှာတင် မှိတ်တုတ်၊ မှိတ်တုတ် အကြိမ်ရေအများကြီး ဖြစ်နေတတ်ပါတယ်။

အခုမြင်တွေ့ရတဲ့ အရာကတော့ အံ့အားသင့်လောက်အောင် အလင်းအားကောင်းပြီး ၁၈ မိနစ်ကို တစ်ကြိမ်နှုန်းနဲ့ တစ်မိနစ်နီးပါးကြာ အလင်းရောင် ထုတ်လွှတ်လေ့ရှိပါတယ်။ အဲဒီတွေ့ရှိမှုဟာ အချိန်ကြာကြာ အလင်းထုတ်လွှတ်တဲ့ သံလိုက်ကြယ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ပုံမှန်အားဖြင့် သံလိုက်ကြယ်တွေကတော့ စက္ကန့်ပိုင်းလောက်ပဲ အလင်းထုတ်လွှတ်လေ့ရှိတာပါ။

” ဒါက တဖြည်းဖြည်းချင်း လည်နေတဲ့ နျူထရွန်ကြယ်တစ်လုံးပုံစံမျိုးပါ။ သီအိုရီအရတော့ ဒါမျိုး ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အခုလိုအရာမျိုးကို တမဟုတ်ချင်းတွေ့မယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလောက်အထိ တောက်ပလိမ့်မယ်လို့ မထင်ဘူးလေ။ ဒီအရာက ကျွန်တော်တို့ အရင်မြင်တွေ့နေကျ အရာတွေထက်စာရင် သံလိုက်စွမ်းအင်ကို ရေဒီယိုလှိုင်းအဖြစ် ပြောင်းလဲတဲ့နေရာမှာ ပိုပြီးထိရောက် အားကောင်းပါတယ်” လို့ ကာတင်တက္ကသိုလ်ရဲ့ ရေဒီယိုနက္ခတ္တသုတေသနဆိုင်ရာ နိုင်ငံတကာစင်တာရဲ့ ရူပနက္ခတ္တပညာရှင် ဟာလေဝါကာက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သုတေသီတွေက အဲဒီအရာ ပျောက်ကွယ်သွားမလားဆိုတာကို စောင့်ကြည့်နေသလို အလားတူအရာဝတ္တုတွေကိုလည်း ရှာဖွေနေပါတယ်။ နောက်ထပ်စောင့်ကြည့်လေ့လာမှုတွေ လုပ်ပြီးမှပဲ ဒီဖြစ်ရပ်က ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မျိုးလား၊ အရင်တုန်းက သတိမထားမိသေးတဲ့အရာတွေ အများကြီး ရှိနေတာလားဆိုတာကို ပြောနိုင်မယ်လို့ ဟာလေဝါကာက ဆိုပါတယ်။

Ref: CNN “Unknown space object beaming out radio signals every 18 minutes remains a mystery”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top