နှစ်တိုင်း တမူထူးခြားတဲ့ ဟောလိုးဝင်းဝတ်စုံတွေကို ဖန်တီးဝတ်ဆင်လေ့ရှိတဲ့ မသန်စွမ်းအမျိုးသား

11-1-2021yyl16.jpg

ဂျော့ရှ် ဆန်ကွစ်တ် (Josh Sundquist) ဆိုသူက မသန်ပေမဲ့ စွမ်းတယ်ဆိုတာကို လူတိုင်းကို သက်သေပြနေတဲ့ အမေရိကန်လူမျိုး ဟာသပညာရှင်၊ စာရေးဆရာ၊ မသန်စွမ်းအိုလံပစ်အားကစားမားဟောင်း၊ Motivational Speaker တစ်ယောက်ပါ။ ဂျော့ရှ်က အသက် ၉ နှစ်အရွယ်မှာ ကင်ဆာကြောင့် ညာဖက်ခြေထောက်ကို ဆုံးရှုံးလိုက်ရပေမဲ့ ဘဝကို လက်လျော့အရှုံးပေးခဲ့ခြင်းမရှိဘဲ ရှင်သန်ရပ်တည်ခဲ့ပါတယ်။

နှစ်တိုင်း ဟောလိုးဝင်းအချိန်အခါရောက်ရင် ဂျော့ရှ်က မသန်စွမ်းဖြစ်တာကို အသုံးချပြီး တမူတခြားတဲ့ဝတ်စုံတွေကို ဖန်တီးဝတ်ဆင်ပြလေ့ရှိပါတယ်။ သူ့အတွက် အလေ့အထတစ်ခုဖြစ်လာခဲ့ပြီး သူ့ရဲ့ပရိသတ်တွေကလည်း သူ ဘယ်လိုတွေဝတ်ဆင်ဉီးမလဲဆိုတာကို စောင့်မျှော်နေကြတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျော့ရှ်က ကိုဗစ်ကပ်ရောဂါကြောင့် Stay Home ခဲ့ရပေမဲ့ ဟောလိုးဝင်းနေ့အတွက် တမူထူးခြားတဲ့ဝတ်စုံကို ဖန်တီးဝတ်ဆင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ် သူဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကိုက အလုံအခြုံကာကွယ်ထားတဲ့အတွက် သူ နေထိုင်ရာ ရပ်ကွက်အတွင်း သွားလာကာ အိမ်နီးနားချင်းတွေကို ပန်းတွေဝေပေးခဲ့ပါတယ်။

ဟောလိုးဝင်းအတွက် ဝတ်စုံတွေ ဖန်တီးဝတ်ဆင်ရတာက ဂျော့ရှ်မြတ်နိုးတဲ့အရာဖြစ်ပါတယ်။ အရင်နှစ်တွေက ဘယ်လိုတွေဝတ်ဆင်ခဲ့သလဲ၊ အခုနှစ်မှာလည်း ဘယ်လိုဝတ်ဆင်ခဲ့လဲဆိုတာကို ဂျော့ရှ်က ဗီဒီယိုနဲ့ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၀ခုနှစ်က ဂျော့ရှ်ဟာ “Shrek” ဇာတ်ကားထဲက Gingy ဇာတ်ကောင်ပုံစံဝတ်ဆင်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်မှာတော့ ဇနီးဖြစ်သူ အက်ရှလေ (Ashley) က “A Christmas Story” ရုပ်ရှင်ကားထဲကနေ မှီးငြမ်းဝတ်ဆင်ဖို့ အကြံပေးခဲ့လို့ မီးအိမ်လို ဝတ်ဆင်ဖြစ်ခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ ဂျော့ရှ်က ကြိုးကြာနီတစ်ကောင်လို ဝတ်ဆင်ခဲ့ပါတယ်။ “တစ်ခါက ကျွန်တော် တိရစ္ဆာန်ဉယျာဉ်ရောက်တော့ ကြိုးကြာနီတွေက ကျွန်တော်နဲ့တူတယ်လို့ သတိထားမိခဲ့တယ်”လို့ ဆိုပါတယ်။

၂၀၁၄ခုနှစ်မှာတော့ ဂျော့ရှ်က စားပွဲတင်ဘောလုံးကစားနည်းရဲ့ကစားသမားအရုပ်အဖြစ် ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီလိုဝတ်ဆင်ဖို့ YouTube subscriber တစ်ယောက်က သူ့ကို အကြံပြုခဲ့တာပါ။

၂၀၁၅ခုနှစ်ကျတော့ ဂျော့ရှ်က IHOP စားသောက်ဆိုင် ဆိုင်းဘုတ်ဖြစ်လာခဲ့ပါတယ်။ “ကျွန်တော် motivational Speaker တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းမပြုနိုင်ရင် IHOP မှာ အလုပ်တစ်ခုတော့ သေချာပေါက် ရနိုင်လောက်ပါတယ်”လို့ ဂျော့ရှ်က ပြောပါတယ်။

၂၀၁၆ခုနှစ်မှာ ဂျော့ရှ်က “Beauty and the Beast” ထဲက “Lumiere” လို ဝတ်ဆင်ခဲ့ပါတယ်။

၂၀၁၇ခုနှစ်မှာတော့ “Winnie-the-Pooh” က ကျားတစ်ကောင်လို ဝတ်ဆင်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ “Aladdin” ထဲက မီးခွက်စောင့် “ဂျင်းနီ” ဖြစ်လာခဲ့ပါတယ်။ “ကျွန်တော် ကလေးဘဝတုန်းက ကျွန်တော် ကြီးလာရင် Disney ဇာတ်ကောင်ဖန်တီးသူတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ကျွန်တော် Walt Disney ကအန်နီးမေးရှင်းဖန်တီးသူတစ်ယောက်ဆီကနေ စာတစ်စောင်ရရှိခဲ့ဖူးပါတယ်။ သူ့နာမည်က ဘရိုဆဲ ဂျွန်ဆန် (Broose Johnson) ပါ။ ဘရိုဆဲကို အောက်မေ့တသတဲ့အနေနဲ့ ဂျင်းနီလို ဝတ်ဆင်ချင်ခဲ့တာပါ”လို့ ဂျော့ရှ်က ဆိုပါတယ်။

၂၀၁၉ခုနှစ်မှာတော့ ဂျော့ရှ်က Pixar ကုမ္ပဏီရဲ့ကမ္ဘာကျော်မီးအိမ်ကြီးဖြစ်လာခဲ့ပါတယ်။ သူ့ပရိသတ်တွေ တောင်းဆိုခဲ့တဲ့အရာကို ဖြည့်ဆည်းပေးခဲ့တာပါ။

၂၀၂၀ခုနှစ်ကျတော့ ဂျော့ရှ်က Guardians of the Galaxy Vol.1 ထဲက Baby Groot လို ဝတ်ဆင်ခဲ့ပါတယ်။ Baby Groot က ကြီးထွားဖို့နဲ့ သန်မာလာဖို့ အိုးထဲ ထည့်ထားရတဲ့ပင်စည်တစ်ခုဖြစ်တဲ့အတွက် ဂျော့ရှ်က သူ့ရဲ့ကိုယ်ပိုင်တစ်ခုတည်းသောပင်စည်ကို ပြဖို့ အကောင်းဆုံးပုံဖော်မှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အခုနှစ်ရဲ့ ဟောလိုးဝင်းဝတ်စုံကို ဟောလိုးဝင်းနေ့မတိုင်ခင် ရက်မှာ ဂျော့ရှ်က ထုတ်ပြခဲ့တာပါ။ ၂၀၂၁ခုနှစ် ဝတ်စုံကတော့ အဏုကြည့်မှန်ပြောင်းဖြစ်ပါတယ်။ အခုနှစ်ဝတ်စုံကတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့အရာဖြစ်ပြီး ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့တဲ့ ဝတ်စုံလည်းဖြစ်ခဲ့ပါတယ်။

ဂျော့ရှ်က လက်ရှိပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့သူတိုင်းကို သူတို့ရဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို ပြောပြထားပါတယ်။ “မင်းမှာ လေးလံတဲ့ဝန်ကို ထမ်းထားရင် မင်းမှာ ရွေးချယ်စရာသုံးခုရှိပါတယ်။ မင်းနည်းနည်းကြာကြာထိန်းထားနိုင်တယ်၊ ဝန်ကို ဝေမျှဖို့ တစ်ယောက်ယောက်ကိုရှာနိုင်တယ်၊ ဒါမှမဟုတ် လွှတ်ချလိုက်ဖို့ အချိန်ရောက်ပြီလို့ မင်း ဆုံးဖြတ်နိုင်တယ်။ ဒီသုံးခုစလုံး ညီတူညီမျှ အကျုံးဝင်ပါတယ်။ ဉာဏ်ပညာက ဒီအခိုက်အတန့်အတွက် အကောင်းဆုံးတစ်ခုကို ရွေးချယ်နိုင်ပါတယ်”လို့ ဂျော့ရှ်က အကြုံပြုထားပါတယ်။

Ref: Boredpanda “Every Halloween, This One-Legged Guy Makes An Epic Halloween Costume And He Just Revealed His 2021 Outfit”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top