လူကုန်ကူးခံလိုက်ရတဲ့ တရုတ်မင်းသား ဝမ်ရှောင်ကို ဇန်နဝါရီ ၇ ရက်နေ့က ကယ်ဆယ်လိုက်နိုင်ခဲ့ပါတယ်။ မနေ့က ညနေကပဲ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီး သူ့ရဲ့လူကုန်ကူးခံရတဲ့အတွေ့အကြုံတွေကို ထိုင်းရဲတွေကို တွေ့ဆုံကာပြောပြခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံဆီ လူကုန်ကူးခံရပြီး အဲ့ဒီမှာ လိမ်လည်လှည့်ဖျားသူအဖြစ် လေ့ကျင့်ဖို့ စေခိုင်းခံခဲ့ရတယ်လို့ ဝမ်ရှောင်က ဆိုပါတယ်။
အသက် ၃၁ နှစ်အရွယ် မင်းသားဝမ်ရှောင်က သူဟာဇာတ်ကားတစ်ကားမှာ ပါဝင်ဖို့ လူတွေ့စစ်ဆေးတာအောင်မြင်ပြီး ဇာတ်ကားရိုက်ကူးမယ်လို့ တရုတ်လူမျိုးတစ်ဦးက ပြောတာကြောင့် ဇန်နဝါရီ ၃ ရက်နေ့က ဘန်ကောက်ကို သွားရောက်ခဲ့တာပါ။ ဇာတ်ကားရိုက်ကွင်းကို သွားနေတုန်းက သူ့ချစ်သူကောင်မလေးကျားကျားနဲ့ အဆက်အသွယ်ရနေတုန်းပါ။ ဒါပေမ့ SOS မက်ဆေ့ချ်ပေးပို့ပြီးတဲ့နောက်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။
ကျားကျားနဲ့ ဝမ်ရှောင်ရဲ့အစ်ကိုဖြစ်သူတို့က ထိုင်းနိုင်ငံရှိ တရုတ်သံရုံးနဲ့ အာဏာပိုင်တွေဆီက အကူအညီတောင်းခဲ့ပြီး ထိုင်းရဲတွေထံ တိုင်းကြားဖို့ ဇန်နဝါရီ ၆ ရက်နေ့က ဘန်ကောက်ကို သွားရောက်ခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ဝမ်ရှောင်ကို မြဝတီမြို့မှာ ရှာတွေ့ခဲ့ပါတယ်။
ဝမ်ရှောင်က တရုတ်လူမျိုးပို့လိုက်တဲ့ ကားနဲ့ ဘန်ကောက်လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး သူ့ကို မဲဆောက်ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ မဲဆောက်ရောက်တော့ တစ်စုံတစ်ယောက်က သူ့ကို လာခေါ်ပြီး မြန်မာနိုင်ငံထဲ လှေနဲ့ ဖြတ်ကူးခဲ့တယ်လို့ ဝမ်ရှောင်က ဆိုထားပါတယ်။ “ကျွန်တော့်ကို နယ်စပ်ဖြတ်ပြီး ခေါ်ဆောင်သွားတော့ လှည့်စားခံလိုက်ရပြီဆိုတာ သိခဲ့ရပေမဲ့ ကျွန်တော်မခုခံရဲခဲ့ဘူး”လို့ ဝမ်ရှောင်က ပြောပါတယ်။
မြဝတီမှာ လိမ်လည်လှည့်ဖျားသူအဖြစ် လေ့ကျင့်စေခဲ့ပြီး တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်စာတိုတွေရိုက်တတ်စေဖို့လည်း သင်ယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်စေတာမျိုးတော့မရှိခဲ့ဘူး။ သူ ထိခိုက်ဒဏ်ရာရထားတယ်လို့လူမှုကွန်ယက်အသုံးပြုသူတွေထင်နေတဲ့ ဘက်ဖက်ခြေထောက်က အနီကွက်တွေဟာ သူ့ရဲ့မွေးရာပါအမှတ်ဖြစ်တယ်လို့ သူက ဆိုထားပါတယ်။
ထိုင်းနိုင်ငံရှိတရုတ်သံရုံးက ဝမ်ရှောင်ကို တရုတ်နိုင်ငံသို့ပြန်မပို့သေးခင် သူက သံသယရှိထားတဲ့ လူကုန်ကူးမှုအပေါ်ထိုင်းရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေမှာ ကူညီပေးသွားမှာဖြစ်တယ်လို့ Thai PBS သတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Ref: Chinese actor rescued from human trafficking ring says he was forced to train as scammer in Myanmar
WL (ရိုးရာလေး)