တိုက်ကြီး ၇ တိုက်လုံးကို ဖြတ်သန်းပြီး တစ်ကိုယ်တော်ပျံသန်းဖို့ ကြိုးစားနေတဲ့ အသက် ၁၉ နှစ်အရွယ် အမေရိကန်လူမျိုးလေယာဉ်ပိုင်လော့ အီသန် ဂူအိုဆိုသူဟာ အန္တာတိကတိုက်မှာ ခွင့်ပြုချက်မရှိဘဲ ဆင်းသက်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လေယာဉ်ခရီးစဉ်အစီအစဉ်ကို ကြိုတင်သတိပေးခြင်းမရှိဘဲ နိုင်ငံတော်နဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ အီသန်ကို ချီလီအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ သူဟာ ချီလီက နယ်မြေထိန်းသိမ်းထားတဲ့ အန္တာတိကတိုက်ရဲ့အစိတ်အပိုင်းတစ်ခုမှာ ဆင်းသက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မမ်းဖစ်(စ်)မြို့က ဖြစ်တဲ့ အီသန်က King George Island မှာ ဆင်းသက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ သူ့ရဲ့ Cessna 182 လေယာဉ်ငယ်ဟာ ချီလီအနီးနားက Punta Arenas မြို့ကနေ ထွက်ခွာခဲ့ပြီး ချီလီပိုင်ဆိုင်ထားတဲ့ ကျွန်းပေါ် ပျံသန်းခဲ့တာပါ။ အီသန်က လေယာဉ်ခရီးစဉ်အစီအစဉ်ကို မှားယွင်းတင်ပြခဲ့တယ်။ Punta Arenas မြို့ပေါ် ပျံသန်းမယ်လို့ ညွှန်ပြတဲ့ လေယာဉ်ပျံသန်းမှုအစီအစဉ်ကို တင်ပြခဲ့တာလို့ ချီလီအာဏာပိုင်တွေက စွပ်စွဲပြောဆိုထားပါတယ်။
အီသန်က ကာလတိုထောင်ဒဏ်တွေချမှတ်နိုင်တဲ့ ပုဒ်မ အပါအဝင် နိုင်ငံရဲ့ လေကြောင်းဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂ ခုကို ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ လူနေထိုင်ခြင်းမရှိတဲ့ တိုက်ကြီးနဲ့ စပ်လျဉ်းတဲ့ နိုင်ငံတကာဆက်ဆံရေးထိန်းညှိပေးတဲ့ အန္တာတိတ်သဘောတူစာချုပ်ကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ချီလီရဲ့အရပ်ဘက်လေကြောင်းဆိုင်ရာညွှန်ကြားမှုဦးစီးဌာနက ပြောကြားထားပါတယ်။
အီသန်က တိုက်ကြီး ၇ တိုက်ကို တစ်ကိုယ်တော်ပျံသန်းတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်အောင်လုပ်ခြင်းဖြင့် ကင်ဆာသုတေသနအတွက် ဒေါ်လာ ၁ သန်း စုဆောင်းဖို့ ကြိုးစားနေတာပါ။ သူဟာ ရက်ပေါင်း ၁၄၀ ကျော် အချိန်ယူပြီးတော့ တိုက်ကြီး ၆တိုက်ကို ဖြတ်သန်းမောင်နှင်းပြီးသွားပါပြီ။
Ref: 19-Year-Old American Pilot Detained In Antarctica For Landing Without Permission
WL ( ရိုးရာလေး)

