စင်ကာပူနဲ့တောင်ကိုရီးယားနိုင်ငံတွေမှာပါ မျောက်ကျောက်ရောဂါအတည်ပြုလူနာတွေ့ရှိနေပြီ

23-6-2022-yyl01.jpg

အခုနှစ်ထဲ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံအပြင် တောင်ကိုရီးယားမှာလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက မျောက်ကျောက်ရောဂါပထမဆုံးအတည်ပြုလူနာတွေ့ရှိခဲ့တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံက အတည်ပြုလူနာက ဇွန်လ ၁၅ ရက်နဲ့ ဇွန်လ ၁၇ ရက်ကြား စင်ကာပူမြို့မှာ နေထိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဉီးပါ။ သူဟာ လွန်ခဲ့တဲ့အပတ်မှာ အရေပြားနီမြန်းလာပြီး ခေါင်းကိုက်တာနဲ့ဖျားနာတာကို ခံစားခဲ့ရပြီးနောက် တနင်္လာနေ့မှာ မျောက်ကျောက်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

“အဲဒီကာလအတွင်း ဇွန်လ ၁၆ ရက်နေ့မှာ အနှိပ်ခန်းသွားတာနဲ့ စားသောက်ဆိုင် (၃) ဆိုင်သွားတာကလွဲလို့ ဟိုတယ်ခန်းမှာပဲ အများဆုံးနေခဲ့တာပါ”လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအမျိုးသားနဲ့အနီးကပ်ထိတွေ့ခဲ့သူ (၁၃) ဉီးကို ဖော်ထုတ်ခဲ့ပြီး အဆက်အသွယ်လုပ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အတည်ပြုလူနာအမျိုးသားကတော့ ကူးစက်ရောဂါအမျိုးသားဗဟိုဌာနမှာ ကုသမှုခံယူနေပါတယ်။

တောင်ကိုရီးယားနိုင်ငံက အတည်ပြုလူနာကတော့ ဇွန်လ ၂၁ ရက်နေ့မှာ ဂျာမနီနိုင်ငံကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဉီးပါ။ အဲဒီတောင်ကိုရီးယားနိုင်ငံသားက ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးအေဂျင်စီထံ သူကိုယ်တိုင် အစီအရင်ခံခဲ့တာပါ။ သူ့ကို ဆိုးလ်မြို့ရဲ့ ဆေးရုံတစ်ခုမှာ ကုသပေးနေပါတယ်။ အဲဒီအတည်ပြုလူနာက တောင်ကိုရီးယားနိုင်ငံကို ပြန်မလာခင် ခေါင်းကိုက်ခဲ့ပြီး နိုင်ငံကို ပြန်ရောက်ချိန်မှာတော့ ဖျားနာတာ၊ လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းလျတာနဲ့ အရည်ကြည်ဖုတွေဖြစ်လာခဲ့ပါတယ်။

တနင်္လာနေ့က နိုင်ငံအတွင်း ဝင်လာခဲ့တဲ့ နိုင်ငံခြားသားတစ်ဉီးလည်း မျောက်ကျောက်ရောဂါလက္ခဏာတွေ ခံစားခဲ့ရတာကြောင့် ဘူဆန်မြို့က ဆေးရုံကို ပို့ဆောင်ထားပြီး သံသယရှိလူနာအဖြစ် သတ်မှတ်ထားပါတယ်။ နောက်ထပ် သံသယရှိလူနာ (၁) ဉီးကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မျောက်ကျောက်ရောဂါရဲ့ကနဉီးလက္ခဏာရပ်တွေက ဖျားနာတာ၊ ချမ်းတုန်တာ၊ ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားအားနည်းတာလို တုပ်ကွေးရောဂါနဲ့ တူပါတယ်။ နောက်ပိုင်းကျမှ အရေပြားနီမြန်းရောင်ရမ်းပြီး ခန္ဓာကိုယ်အနှံ့မှာ အဖုအပိမ့်တွေနဲ့ အရည်ကြည်ဖုတွေဖြစ်လာပါတယ်။ မျောက်ကျောက်ရောဂါခံစားရတဲ့ကာလက (၂) ပတ်ကနေ (၄) ပတ်အထိကြာမြင့်ပါတယ်။

မျောက်ကျောက်ရောဂါက အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အဲဒီရောဂါဖြစ်ပွားလေ့မရှိတဲ့ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ (၂၅၀၀) ကျော် တွေ့ရှိခဲ့ရပါတယ်။

Ref: CNN “Monkeypox cases confirmed in South Korea, Singapore”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top