တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးတဲ့နောက် ရည်းစားဟောင်းကို မေ့ဖို့ ကြိုးစားတဲ့အနေနဲ့ အစာရေဆာ၊ စမတ်ဖုန်းစတဲ့ အခြေခံအသုံးအဆောင်တွေမပါဘဲ တောတောင်ထဲ ထွက်သွားခဲ့ပါတယ်။ အခုဆို အဲ့ဒီအမျိုးသားကို လူမှုကွန်ယက်မှာ လူပြောများလို့နေပါတယ်။
ရှောင်လင်လို့ အမည်ရတဲ့ အမျိုးသားဟာ ဇွန်လ ၂၀ ရက်နေ့က သူ ငှားနေတဲ့ တိုက်ခန်းကနေ Dalang Mountain နေရာတဝိုက်ကို ခြေလျင်ထွက်သွားခဲ့တာပါ။ သူနဲ့ အဆက်အသွယ်မရလို့ ညီဖြစ်သူဟာ Yuhang Districtက ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲအရာရှိတွေက ရှောင်လင်ရဲ့တိုက်ခန်းကိုသွားတော့ လူလည်းမတွေ့၊ ဖုန်းကိုလည်းထားခဲ့တာတွေ့ခဲ့ရပါတယ်။ တိုက်ခန်းကနေ ထွက်သွားတဲ့ CCTV မှတ်တမ်းကိုလည်း စစ်ဆေးခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ရှောင်လင်ထွက်သွားခဲ့တဲ့ နေရာတဝိုက်ကို ရှာဖွေဖို့ ရဲနဲ့ ဒေသခံ (၁၀၀) ကျော်ကို စုစည်းခဲ့ပါတယ်။ ရဲခွေးတွေ၊ ဒရုန်းတွေနဲ့ ဖြန့်ကျက်ရှာဖွေမှုတွေလုပ်ခဲ့ပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ဇွန် ၂၆ ရက်နေ့မှာတော့ Lin’an District မှာရှိတဲ့ ပန်းခြံတစ်ခုက CCTV တွေမှာ ရှောင်လင်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒေသတွင်းအာဏာပိုင်တွေက သတင်းရခဲ့ပြီး ရှာဖွေခဲ့ရာမှာ ရှောင်လင်ကို တွေ့ရှိခဲ့ပါတယ်။
ရှောင်လင်က ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးနောက် အသည်းကွဲကာ သူ့စိတ်ကို ရှင်းထုတ်ဖို့ တောတောင်တွေထဲ စွန့်စားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ တောတောင်တွေထဲ လျှောက်သွားပြီး တောထဲက အသီးတွေကို ခူးယူစားပြီးတော့ တောင်စမ်းရေတွေသောက်ကာ အသက်ရှင်နေခဲ့တယ်လို့ ရဲတွေရဲ့ပြောစကားအရသိရပါတယ်။
“ကျွန်တော်တို့ သူ့ကို တွေ့တော့ သူ့အဝတ်အစားတွေ စုတ်ပြဲလို့။ သူ ပထမ ၃ ရက် ဘာမှမစားမသောက်ခဲ့ဘူး။ နောက်တော့ သူ့ခန္ဓာကိုယ်က ထပ်ပြီး ခံနိုင်ရည်မရှိတော့တဲ့အချိန်မှ တောင်စမ်းရေသောက်ပြီး ရွာအိမ်နားက အသီးတွေစားခဲ့တယ်”လို့ Yuhang Police Station ရဲ့လက်ထောက်ညွှန်ကြားရေးမှူး ကျူ လီလျံက ဆိုထားပါတယ်။
လက်ရှိမှာတော့ ရှောင်လင်က အခြေအနေတည်ငြိမ်နေပြီး သူ့သဘောဆန္ဒနဲ့ လျှောက်သွားခဲ့တာဟာ သူ့မိသားစုနဲ့သူငယ်ချင်းတွေအပေါ် စိတ်ဒုက္ခပေးမိခဲ့တာကို သူ သိတယ်လို့လည်း ရဲတပ်ဖွဲ့အရ သိရပါတယ်။
Ref: Chinese Man Found Wandering In Mountains For 6 Days To Forget Ex-Girlfriend
WL ( ရိုးရာလေး)

