ချက်ဒ်နဲ့ ကာရိုးလ်တို့ ဇနီးမောင်နှံက လူငယ်တွေအပေါ် ယုံကြည်တယ်၊ အခွင့်အရေးပေးတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ စားသောက်ဆိုင်မှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား လူငယ်လေးတွေကို အလုပ်ပေးထားတယ်။ အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ်၊ ဟက်ဒ်ဆန်မြို့မှာ ဖွင့်လှစ်ထားတဲ့ Urban Olive & Vine စားသောက်ဆိုင်မှာ လူငယ်လေးတွေ တက်တက်ကြွကြွ ဝန်ဆောင်ပေးနေတာ သူတို့ဆိုင်ရဲ့ အမှတ်အသားပါပဲ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ ကာရိုးလ်ဟာ ကြွက်သားတောင့်တင်းပြီး တက်တဲ့ ရောဂါ ခံစားခဲ့ရလို့ ၈ လကြာ ဆေးရုံ တက်ခဲ့ရပါတယ်။ ကာရိုးလ် ဆေးရုံ တက်နေတဲ့ကာလအတွင်း ချက်ဒ်ကလည်း သူ့ဘေးမှာပဲ ကြည့်ရှုစောင့်ရှောက်နေခဲ့ရလို့ စားသောက်ဆိုင်ကို ပိတ်ရလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ လူငယ်တွေအပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်မှုက တန်ပြန်အကျိုးပေးခဲ့ပါတယ်။ လူငယ်လေးတွေက စားသောက်ဆိုင်တစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲခဲ့ကြပြီး လိုအပ်တဲ့အပိုင်းမှန်သမျှ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဝင်ရောက်ဖြည့်ဆည်းခဲ့ကြပါတယ်။ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ကြ၊ တစ်ယောက်ကို တစ်ယောက် ပံ့ပိုးကူညီကြ၊ အလုပ်ချိန်တွေ တိုးလာလို့ အပြန်အလှန် ကူညီကြ၊ မီးဖိုချောင်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ဖြည့်တင်းကြပြီး နေ့စဉ် အထူးစပါယ်ရှယ် ဟင်းလျာတွေ ဖန်တီးခဲ့ကြတာကြောင့် စားသောက်ဆိုင်က ဟန်မပျက် ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။
” ကျွန်တော် သူတို့ကို ဘာတစ်ခုမှ မခိုင်းပါဘူး။ သူတို့ဘာသာ အဆင်ပြေအောင် စီမံသွားကြတာ”လို့ ချက်ဒ်က ဆိုပါတယ်။ လူငယ်တွေကတော့ ချက်ဒ်နဲ့ကာရိုးလ်ဟာ သူတို့အတွက် မိသားစုတွေလို ဖြစ်နေတာကြောင့် လိုအပ်ချိန်မှာ အခုလို လုပ်ပေးကြတာလို့ ဆိုပါတယ်။

ချက်ဒ်နဲ့ ကာရိုးလ်ဟာ လူငယ်ဝန်ထမ်းတွေကို အမြဲ ကူညီပံ့ပိုးပေးလေ့ရှိပြီး သူတို့ရဲ့ ကျောင်း ပွဲလမ်းတွေကို သွားတက်ပေးတာ၊ ကျောင်းတွင်း လှုပ်ရှားမှုတွေအတွက် ထောက်ပံ့ပေးတာ၊ အိမ်စာတွေ ကူလုပ်ပေးတာ၊ အခက်အခဲကြုံရတဲ့အခါ ကူညီဖြေရှင်းပေးတာမျိုး လုပ်လေ့ရှိပါတယ်။
မေလ ၅ ရက်နေ့မှာတော့ ကာရိုးလ် ကွယ်လွန်သွားခဲ့ပါတယ်။ ကာရိုးလ် ကွယ်လွန်သွားပေမဲ့ Urban Olive & Vine စားသောက်ဆိုင်ကတော့ လူငယ်ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့အတူ ယနေ့ထက်တိုင် ဆက်လက်လည်ပတ်နေဆဲပါပဲ။
Ref: Teenage Workers Save Restaurant As Owner Spends Months In Hospital
NZ ( ရိုးရာလေး)

