စည်းကမ်း၊ လူသားဆန်မှုနဲ့ တန်ဖိုးရှိတဲ့ အသက်တွေ

firefighting-operations-truck-P83QJ59.jpg

ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးသာ စည်းမျဉ်း စည်းကမ်းတွေကို တသဝေမတိမ်း လိုက်နာခဲ့မယ်ဆိုရင် ၁၈ လအရွယ် ကလေးငယ်ကို အသက်ကယ်နိုင်ဖို့ မလွယ်ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့မှာ အမေရိကန်နိုင်ငံ ဖရက်ဒရစ်ဘက်မြို့က အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ၁၈ လအရွယ် သမီးငယ် သတိလစ်နေတာကြောင့် အရေးပေါ် အကူအညီ လိုတယ်လို့ ၉၁၁ ကို ဖုန်းဆက်ခဲ့ပါတယ်။

ဒီအကြောင်းကို ဖယ်လ်မောက် ဒေသခံ မီးသတ်တပ်ဖွဲ့က သိသွားပြီး ဒုတပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီး တစ်ဦးဟာ သူတို့အိမ်ကို မီးသတ်ကားနဲ့ ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာ ကလေးငယ်က အသက်ရှုနေသေးပေမယ့် ပျော့ခွေနေပါပြီ။ အရေးပေါ် လူနာတင် ကားလာဖို့ နောက်ထပ် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စောင့်ရဦးမှာ ဖြစ်ပြီး အနီးဆုံး နေရာမှာလည်း ဆရာဝန် ရှိ၊ မရှိ သေသေချာချာ မသိကြပါဘူး။ ဒီအချိန်မှာ ကလေးငယ်က အရေးပေါ် ကုသမှု လုပ်ဖို့လိုအပ်နေပါပြီ။

ဒါကြောင့် ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးဟာ မီးသတ်ဌာနရဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး ကလေးငယ်ကို မီးသတ်ကားနဲ့ ဆေးရုံ ခေါ်သွားခဲ့ပါတယ်။ ဆေးရုံရောက်ချိန်မှာ ကလေးငယ်ဟာ သတိလစ်ခဲ့ပေမယ့် အောက်ဆီဂျင် ပေးခဲ့ရပြီး သတိလစ်တဲ့ လူနာတွေထားတဲ့အခန်းမှာ ၁၃ မိနစ်လောက် ကုသပြီးနောက် သတိ ပြန်လည်လာပြီး ပြန်သက်သာခဲ့ပါတယ်။

မီးသတ်ကားဟာ ပို့ဆောင်ရေးယာဉ် အဖြစ် လိုင်စင် တင်ထားတာ မဟုတ်တဲ့အတွက် သယ်ယူ ပို့ဆောင်မှု လုပ်တာမျိုးကို မီးသတ် ဌာနက တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ဒီအတွက်ကြောင့် ကလေးငယ်ကို မီးသတ်ကားပေါ် တင်ပြီး ဆေးရုံ ပို့ခဲ့တဲ့ ဒေသခံ မီးသတ် တပ်ဖွဲ့ဝင် နှစ်ဦးကို မီးသတ် တပ်ဖွဲ့က ရာထူးကနေ ဆိုင်းငံ့ခဲ့ပါတယ်။

ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ဒေသခံ မီးသတ်သမား နှစ်ဦး ရာထူးကနေ ဆိုင်းငံ့ခံရတဲ့ သတင်းဟာ အင်တာနက် စာမျက်နှာတွေထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီးတဲ့နောက် သူတို့ နှစ်ယောက်ကို ဒေသခံ မီးသတ် တပ်ဖွဲ့က ပုံမှန် ရာထူး ပြန်ခန့်အပ်ခဲ့ပါတယ်။ စည်းမျဉ်း စည်းကမ်းတွေကို အတတ်နိုင်ဆုံး လိုက်နာသင့်ပေမယ့် အချိန်လုပြီး အသက်ကို ရင်းရမယ့် အခြေအနေမျိုးမှာ လူသားဆန်မှုကို အခြေခံပြီး ဆုံးဖြတ်သင့်တယ်ဆိုတာ ဒီအဖြစ်အပျက်က မီးမောင်းထိုးပြနေပါတယ်။

ဒီလို အခြေအနေမှာ ဆင့်ကဲဆက်သွယ်ပြီး ညွန်ကြားချက် အဆင့်ဆင့်ကို စောင့်ဆိုင်းနေရမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့ လူ့အသက်တွေ စတေးခံ ဖြစ်ရပါလိမ့်မယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top