ချက်ဖီးနေးဆိုတာ မျက်မှောက်ခေတ် ပရဟိတသမိုင်းမှာ အထင်ရှားဆုံးပဲ။ သူက ဒေါ်လာ ၈ ဘီလျံလောက် လှူဒါန်းခဲ့သူပါ။ သူ့ဘဝမှာ ပိုင်ဆိုင်သမျှအားလုံးနီးပါး လှူဒါန်းခဲ့တာတောင် ချက်ဖီးနေးက လူသိရှင်ကြား မလုပ်ဘဲ တိတ်တဆိတ်ပဲ လှူခဲ့တာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်က ချက်ဖီးနေးနဲ့ အတန်းဖော် ဝါရင်းမီလာတို့က Duty Free Shoppers (DFS) လုပ်ငန်းကို တည်ထောင်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြား ခရီးသွားသူတွေအနေနဲ့ လေဆိပ်တွေထဲမှာ အခွန်လွတ် တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ရည်ရွယ်တဲ့ သူတို့လုပ်ငန်းက တဟုန်ထိုး အောင်မြင်ပြီး ကမ္ဘာအနှံ့မှာ တိုးချဲ့နိုင်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်အရောက်မှာတော့ ချက်ဖီးနေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘီလျံနာတွေ ဖြစ်နေကြပါပြီ။
သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကြွယ်ဝမှုကို ယစ်မူးပြီး စံအိမ်ကြီးတွေ၊ ရွက်လှေတွေ၊ တန်ဖိုးကြီး အသုံးအစောင်ပစ္စည်းတွေ ဝယ်ယူကြပေမဲ့ ချက်ဖီးနေးကတော့ ၁၅ ဒေါ်လာတန် Casio နာရီပဲ ဝတ်ပြီး ခရီးသွားရင်လည်း လေယာဉ်ကို ရိုးရိုးတန်းကပဲ စီးလေ့ရှိပါတယ်။ သူ့မှာ အိမ်ပိုင်၊ ကားပိုင် မရှိပါဘူး။ တန်ဖိုးသင့် တိုက်ခန်းမှာပဲ ငှားနေခဲ့တာပါ။ လူတွေက သူ့ကို ဘီလျံနာလို့ ထင်နေကြပေမဲ့ သူက DFS ရှယ်ယာတွေ မပိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးကို တိတ်တဆိတ် လှူဒါန်းခဲ့လို့ပါပဲ။
၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှာ ချက်ဖီးနေးနဲ့ (ထိုစဉ်က) သူ့ရဲ့ဇနီး ဒန်နီယယ်လီ၊ ရှေ့နေ ဟာဗေးဒါလီတို့က ဘဟားမားကျွန်းကို သွားခဲ့ပါတယ်။ သူတို့လုပ်မယ့်ကိစ္စအတွက် ဥပဒေရေးရာ အရှုပ်အထွေးတွေ မဖြစ်အောင် ဒီနေရာကို ရွေးချယ်ခဲ့တာပါ။ DFS မှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၃၈.၇၅ ရာခိုင်နှုန်း (အဲဒီအချိန်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေး ရှိ)ကို သူ တည်ထောင်ထားတဲ့ The Atlantic Philanthropies ပရဟိတအဖွဲ့ကို လှူဒါန်းခဲ့တာပါ။

The Atlantic Philanthropies ဖောင်ဒေးရှင်းက တက္ကသိုလ်တွေ၊ ဆေးရုံတွေ၊ သုတေသနအဖွဲ့အစည်းတွေအတွက် အလှူငွေ အများအပြား ပေးအပ်ခဲ့ပါတယ်။ The Atlantic Philanthropies ဖောင်ဒေးရှင်းက ဘယ်သူ့ဆီကနေ အလှူငွေတွေ ရသလဲဆိုတာကို ထုတ်ပြန်ခြင်း မရှိသလို သူတို့ တည်ဆောက်တဲ့ အဆောက်အအုံတွေမှာလည်း နာမည်ရေးထိုးခြင်း မရှိပါဘူး။ သူတို့ရဲ့ ပရဟိတအစီအစဉ်တွေမှာလည်း လူသိရှင်ကြား လှူတာမျိုး မရှိပါဘူး။ ”အမည်မဖော်လိုသူ အလှူရှင်မှ လှူဒါန်း” ဆိုတာမျိုးပဲ လုပ်လေ့ရှိပါတယ်။
”ဧရာမပျက်ကပ်” ဆိုက်ချိန်ကာလအတွင်း နယူးဂျာစီပြည်နယ်မှ အိုင်ယာလန်- အမေရိကန် အလုပ်သမား လူတန်းစားက မွေးဖွားလာခဲ့တဲ့ ချက်ဖီးနေးဟာ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ အေးအေးချမ်းချမ်းပဲ နေထိုင်ချင်သူပါ။ သူ့မိခင်ကိုယ်တိုင်ကလည်း သူနာပြုဆရာမတစ်ဦးဖြစ်ပြီး လူတိုင်းကို ကူညီလေ့ရှိပါတယ်။ သူတပါးကို ကူညီလိုစိတ်က သူ့အမေဆီကနေ အမွေရတယ်လို့ ဆိုရမှာပါ။
၂၀၂၀ ပြည့်နှစ်မှာတော့ The Atlantic Philanthropies ဖောင်ဒေးရှင်းဟာ ရန်ပုံငွေအားလုံးကို လှူဒါန်းနိုင်ခဲ့တာကြောင့် ချက်ဖီးနေးက ဒီဖောင်ဒေးရှင်းကို တရားဝင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ချက်ဖီးနေး ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားပေမဲ့ သူ လှူဒါန်းခဲ့တဲ့ ငွေတွေကြောင့် အသွင်ပြောင်းသွားတဲ့ တက္ကသိုလ်ကြီးတွေ၊ ဆေးရုံကြီးတွေ၊ ပညာသင်ကြားခွင့်ရသွားတဲ့ ကျောင်းသားပေါင်း ထောင်သောင်းချီနဲ့အတူ ပရဟိတသမိုင်းမှာတော့ သူ့နာမည်က ရှင်သန်နေဆဲပါပဲ။
Ref: Chuck Feeney
NZ ( ရိုးရာလေး)

