မသန်စွမ်းပေမဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အီရန်လူမျိုးပန်းချီပညာရှင်

30-4-2020-yyl-028.jpg

ကမ္ဘာတစ်ဝှမ်းက လူ (၁) ဘီလျံလောက်က သာမန်လူတွေလိုမဟုတ်ဘဲ မသန်စွမ်းသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက မသန်စွမ်းဆိုတဲ့ စကားအတိုင်း မသန်ပေမဲ့ စွမ်းတဲ့သူတွေဖြစ်ပါတယ်။ အခုခေတ်မှာလည်း မသန်စွမ်းသူတွေအတွက် နေရာပေးလာကြပါပြီ။ ဖာတီမက်ချ် ဟန်မာမီ နာဆရာဘာဒီဆိုတဲ့ အီရန်လူမျိုးအမျိုးသမီးက မသန်စွမ်းတဲ့သူတွေဟာ မသန်ပေမဲ့ ဘယ်လောက်စွမ်းကြောင်းကို မသန်စွမ်းသူတွေအားလုံးအတွက် သက်သေပြခဲ့ပါတယ်။ ဖာတီမက်ချ်က (၈၅) ရာခိုင်နှုန်းလောက် အကြောသေနေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သူဖြစ်ချင်တဲ့ ပန်းချီပညာရှင်တစ်ယောက်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူဟာ မသန်စွမ်းပေမဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ သူ့ရဲ့ခြေထောက်တွေကို အသုံးပြုပြီး လက်ရာမြောက်လှတဲ့ ပုံတူပန်းချီတွေကို ရေးဆွဲနိုင်ပါတယ်။

အသက်(၃၁) နှစ်ရှိပြီဖြစ်တဲ့ ဖာတီမက်ချ်က မသန်စွမ်းဆိုပေမဲ့လည်း အံ့သြစရာကောင်းလာက်အောင် ပုံတူပန်းချီတွေကို အခြားပန်းချီဆရာတွေနဲ့ယှဉ်ပြီး ဆွဲနိုင်ပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေက သူ အသက်ရှင်နေထိုင်ပြီး သူ့ရဲ့အိပ်မက်တွေပြည့်မြောက်ဖို့ကြိုးစားရာမှာ အဟန့်အတားမဖြစ်စေခဲ့ကြောင်းကို သူက သက်သေပြနေတာပါ။

သူက ဘောလုံးဖန်ဖြစ်တဲ့အတွက် ခရစ်စတီးယားနို ရော်နယ်လ်ဒိုပုံတူကို ရေးဆွဲခဲ့ပြီး သူ့အကြောင်း ကမ္ဘာကြီးသိအောင်ပြခဲ့ပြီး မီဒီယာတွေမှာလည်း ခေါင်းကြီးပိုင်းအနေနဲ့ နေရာယူခဲ့ပါတယ်။ သူက သူကြိုက်နှစ်သက်တဲ့ ဘောလုံးစတားတွေအပြင် ကမ္ဘာကျော်အနုပညာရှင်ပုံတွေ အီရန်မင်းသား မက်ရန် မိုဒီရီ၊ ချာလီ ချက်ပလင်၊ ဆလီနာ ဂိုမက်ဇ်တို့လို ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ပုံတူပန်းချီတွေလည်း ဆွဲခဲ့ဖူးပါတယ်။ သူက လူပုံတွေအပြင် ဆွဲဆောင်မှုရှိလှတဲ့ တိရစ္ဆာန်တွေနဲ့ ရှုခင်းပုံတွေကိုလည်း ရေးဆွဲခဲ့ပြီး သူ့အင်စတာဂရမ်အကောင့်မှာလည်း follower တွေတိုးလာခဲ့သလို အားပေးနှစ်ခြိုက်မှုတွေလည်း အများအပြားရရှိလာခဲ့ပါတယ်။

“ကျွန်မ ငယ်ငယ်ကတည်းက ရေဆေးပန်းချီနဲ့ ပုံတူပန်းချီဆွဲတာကို စိတ်ဝင်စားခဲ့တာပါ။ ဒီနေရာရောက်ဖို့ အရမ်းကြိုးစားခဲ့ရပါတယ်။ ကျွန်မရဲ့အားထုတ်မှုတွေက ထိုက်တန်တဲ့အတွက် ကျွန်မ ပျော်ရွှင်မိပြီး ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်မကို စိတ်မပျက်တဲ့အတွက် ကျွန်မ ပျော်ရွှင်ရပါတယ်” လို့ ပန်းချီဆရာမ ဖာတီမက်ချ်က ပြောပါတယ်။ စာဖတ်ပရိသတ်တွေက ဖာတီမက်ချ်ရဲ့ ပန်းချီတွေကို ကြည့်ချင်ရင် (ဒါမှမဟုတ်) Follow လုပ်ချင်ရင် ဖာတီမက်ချ်ရဲ့ အင်စတာဂရမ်အကောင့် https://www.instagram.com/fatemehamami/ မှာ ဝင်ရောက်ကြည့်ရှုပြီး Follow လုပ်နိုင်ပါတယ်။

Ref: Iranian Artist Follows Her Dream Of Drawing Despite Her Disability

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top