ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အသက် ၁၆ နှစ်ကောင်မလေးရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကြောင့် လူ ၆ ဦးရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့

၁၆.jpg

အသက် ၁၆ နှစ်အရွယ် ကိုရီးယားလူမျိုးကောင်မလေးဟာ ပြင်းထန်တဲ့ ကားမတော်တဆမှုတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးပြီးနောက် လှူဒါန်းခဲ့တဲ့ သူ့ရဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတွေက လူ ၆ ဦးရဲ့အသက်ကို ကယ်တင်ရာမှာ အကူအညီဖြစ်ခဲ့ပါတယ်။

ပတ်ချယ်ယွန်းဆိုတဲ့ ကောင်မလေးရဲ့ နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်နဲ့ မျက်စိတွေကို သူ့မိသားစုရဲ့သဘောတူညီချက်နဲ့ လှူဒါန်းခဲ့ပါတယ်။ ချယ်ယွန်းက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က သူ့မိသားစုနဲ့အတူ ဆွေမျိုးမင်္ဂလာဆောင်သွားတဲ့လမ်းမှာ ကားမတော်တဆမှုဖြစ်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တစ်ဖက်ကားက ယာဉ်မောင်းဟာ ကားမောင်းရင်း အိပ်ငိုက်လို့ ကားမတော်တဆဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချယ်ယွန်းကို ဆေးရုံအမြန်ပို့ဆောင်ခဲ့ပေမဲ့ သတိပြန်လည်မလာခဲ့ဘဲ ၂ ရက်အကြာမှာ ဦးနှောက်သေဆုံးသွားခဲ့တယ်လို့ ဆေးရုံက အသိပေးခဲ့ပါတယ်။ သူ့မိသားစုက သူတို့သမီးရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အခြားသူတွေဆီမှာ ဆက်လက်ရှင်သန်နေစေချင်တယ်လို့ ပြောပါတယ်။ ချယ်ယွန်းရဲ့ဖခင်က သူ့သမီးရဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းနဲ့ ဘဝအသစ်ရရှိခဲ့တဲ့ သူတွေကို ကျန်းမာရေးကောင်းဖို့ ဆုတောင်းခဲ့ပြီး နောက်ဘဝကျ သူ့သမီးအဖြစ် ပြန်လာဖို့ မျှော်လင့်နေပါတယ်။

ချယ်ယွန်းက တစ်ဦးတည်းသောသမီးလေးပါ။ ကျောင်းမှာလည်း တက်ကြွပြီး ကူညီရိုင်းပင်းတတ်တဲ့ ကျောင်းသူလေးအဖြစ် သိကြပြီး အတန်းခေါင်းဆောင်အဖြစ် ခဏခဏရွေးချယ်ခံခဲ့ရပါတယ်။ လိုအပ်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို မကြာခဏကူညီတတ်ပြီး သူက လူမှုဝန်ထမ်းတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။

Ref: Korean girl, 16, donates organs after fatal car accident, saves 6 lives

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top