ပြန်ပေးဆွဲခံရတယ်လို့လိမ်လည်ပြီး မိဘတွေဆီကပိုက်ဆံတောင်းခဲ့တဲ့အမျိုးသား ဒဏ်ငွေနဲ့ထောင်ဒဏ်ကျခံရ

handcuffs_st.jpg

စာဖတ်ပရိသတ်တွေကော ပိုက်ဆံအရေးတကြီးလိုတဲ့အခါမျိုးမှာ မိဘတွေဆီကနေ ကိုယ့်အသက်အန္တရာယ်နဲ့ ဆိုင်နေပြီဆိုတဲ့လိမ်လည်မှုမျိုးနဲ့ ပိုက်ဆံတောင်းခဲ့ဖူးကြလား။ စင်ကာပူနိုင်ငံက အမျိုးသားတစ်ယောက်ကတော့ အကြွေးတွေဆပ်ဖို့နဲ့ သူ့ကောင်မလေးရဲ့မိသားစုကို ကူညီပေးဖို့အတွက် သူ ပြန်ပေးဆွဲခံနေရတယ်လို့ မိဘတွေကိုပြောပြီး ပိုက်ဆံလိမ်တောင်းခဲ့ပါတယ် တဲ့။

မနေ့က အသက် (၂၉) နှစ်အရွယ် Vincent Lau Boon Kiat ဆိုတဲ့ အမျိုးသားကို လိမ်လည်မှုနဲ့ ဒေါ်လာ (၅၀၀) အပါအဝင် ထောင် (၅) လ ချမှတ်ခဲ့ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးတာ သုံးပတ်လောက် ကြာမြင့်ခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာ ပြည်တွင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ အသက် (၂၄) နှစ်အရွယ် Lau ရဲ့ ညီလေးက WhatsApp ကနေ သူ့အစ်ကိုရဲ့စာကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ Lau က သုံးရက်စောပြီး ဗီယက်နမ်ကို အလည်အပတ်ခရီးထွက်နေတာဖြစ်ပါတယ်။ Lau က သူ့ရဲ့ညီလေးကို တစ်စုံတစ်ယောက်က သူ့ရဲ့ပတ်စ်ပို့နဲ့ အခြားပစ္စည်းတွေကို ယူထားပြီး အမေရိကန်ဒေါ်လာ (၁၅၀၀၀) တောင်းနေတဲ့အတွက် ပိုက်ဆံလိုအပ်နေတယ်လို့ ပြောပြီး အကူအညီတောင်းခဲ့ပါတယ်။ ပြည်တွင်းမာဖီယာတွေကလည်း သူ့ကို ဓားစာခံအဖြစ်ခေါ်ထားတဲ့အတွက် ဒီနေရာကနေ အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မယ်မထင်ဘူးလို့ Lau က သူ့ညီလေးကို ပြောခဲ့ပါသေးတယ်။

Lau က သူ့မိခင်ကိုလည်း သူ့ညီလေးကို ပြောခဲ့တဲ့ပုံစံအတိုင်း WhatsAppကနေပဲ ပြောခဲ့ပါတယ်။ သူ့မိခင်က သူ့ရဲ့သားအငယ်ကို Lau ဆီ ပိုက်ဆံလွှဲပေးဖို့ ပြောခဲ့ပြီး အဲဒီညမှာပဲ Lauဆီကို ဒေါ်လာ (၁၀၀၀) လွှဲပေးခဲ့ပါတယ်။ သူ့ညီလေးက Lau ဆီက အဆက်အသွယ်မရတာနဲ့ ရဲတွေကို အကြောင်းကြား ခဲ့ပါတယ်။

Singapore Police Force က ရဲတွေက Lau ရဲ့တည်နေရာကို ခြေရာခံဖို့အတွက် ဗီယက်နမ်က ရဲတွေကို ဆက်သွယ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အချိန်မှာတောင် Lau က မာဖီယာတွေက သူ့လက်ချောင်းတွေကို ဖြတ်တော့မယ်။ သူတို့ ပိုက်ဆံမရဘူးဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပြောပြီး သူ့မိသားစုကို ဆက်ပြီး လိမ်လည်ခဲ့ပါတယ်။ သုံးရက်ကျော်တဲ့အထိ ဆက်ပြီးလိမ်လည်ခဲ့တယ်လို့ လက်ထောက် ပြည်သူ့အစိုးရရှေ့နေ Genevieve Pang က ဆိုပါတယ်။

ရဲတွေနဲ့ သူ့မိသားစုတွေက Lau လိမ်နေတာကို သိရှိသွားခဲ့ပြီး စင်ကာပူကိုပြန်လာတဲ့အချိန်မှာ Lau အဖမ်းခံခဲ့ရပါတယ်။ သူ့မိသားစုဆီကရရှိခဲ့တဲ့ ဒေါ်လာ (၁၅၀၀) ကို အပြည့်အဝပြန်အပ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: AsiaOne “Man jailed after faking kidnapping for money”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top