၂၀၁၅ ခုနှစ် သြဂုတ်လရဲ့ ညတစ်ညမှာ ဆယ်ကျော်သက် ဆီးရီးယားမိန်းကလေးက ရော်ဘာလှေကို ကြိုးနဲ့ဆွဲ၊ ပင်လယ်ထဲ ကူးဖြတ်ပြီး လှေပေါ်မှ ခရီးသည် ၁၉ ယောက်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ယူဆာရာမာဒီနီနဲ့ အစ်မဖြစ်သူတို့ဟာ ဒမတ်စကတ်မြို့မှာ နေထိုင်တဲ့ ရေကူးအားကစားသမားတွေပါ။ သူတို့ဟာ စစ်ဘေးသင့် ဆီးရီးယားနိုင်ငံကနေ လွတ်မြောက်ဖို့ အေဂျီယန်ပင်လယ်ကို ရော်ဘာလှေနဲ့ ဖြတ်သန်းခဲ့ကြတာပါ။ အဲဒီရော်ဘာလှေက လူ ၇ ယောက်လောက်ပဲ စီးနိုင်တဲ့ အရွယ်အစားဖြစ်ပေမဲ့ လူ ၂၀ လိုက်ပါလာခဲ့တာပါ။
ဂရိနိုင်ငံ လက်စ်ဘော့ကျွန်းကို ဦးတည်နေတဲ့ ဒီခရီးစဉ်မှာ လှေစထွက်ပြီး ၁၃ မိနစ်အကြာမှာပဲ အင်ဂျင်ရပ်သွားပြီး လှေထဲကို ရေတွေ ဝင်လာခဲ့ပါတယ်။ ဒီအချိန်မှာ ယူဆာရာတို့ ညီအစ်မနှစ်ယောက်နဲ့အတူ အခြားခရီးသည်နှစ်ဦးက အေးခဲနေတဲ့ ရေထဲကို ခုန်ဆင်းပြီး ရော်ဘာလှေကို တွန်းသူကို တွန်း၊ ကြိုးနဲ့ဆွဲသူက ဆွဲကာ လှေပေါ်မှာ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။

သူတို့ဟာ ၃ နာရီခွဲကြာအောင် ကူးခတ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ကမ်းခြေကို ရောက်ရှိခဲ့ကြပါတယ်။ ဒီအဖြစ် ကြုံခဲ့ပြီးနောက် တစ်နှစ်လောက်အကြာမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ယူဆာရာက အိုလံပစ် ဒုက္ခသည်အသင်း ကစားသမားအဖြစ် ရေကူးပြိုင်ပွဲဝင်ခဲ့ပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ယူဆာရာရဲ့ ဖြစ်ရပ်ကို Netflix က The Swimmers ဆိုတဲ့ ဇာတ်လမ်းအဖြစ် ပုံဖော်ရိုက်ကူးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
Ref: Yusra Mardini
NZ (ရိုးရာလေး)

