ဘယ်တော့မှ လက်လွတ်မခံဘဲ သွားသင့်တဲ့ ဆရာဝန်ချိန်းဆိုချက် (၅) ခု

11-8-2021-yyl19.jpg

ရောဂါကင်းတဲ့ဘဝမှာ ပျော်ရွှင်စွာ နေထိုင်ချင်ရင် ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်တာ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာတွေအပြင် ပုံမှန်ကျန်းမာရေးစစ်ဆေးတာတွေကိုလည်း ပြုလုပ်သင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူတာက နောက်ပိုင်းမှာ နာတာရှည်ရောဂါတွေကြုံတွေ့မလာနိုင်အောင် ကြိုတင်ကာကွယ်မှုလည်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲနေလဲဆိုတာလည်း သိရမှာဖြစ်ပါတယ်။ ကပ်ရောဂါအတွင်းမှာ လူတော်တော်များများက ဘေးကင်းဖို့အတွက် အရင်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာဝန်ချိန်းဆိုတာတွေကို မသွားတော့ဘဲ လက်လွတ်ခံခဲ့ကြပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားမှုနည်းသွားတဲ့အချိန်ကျရင်တော့ အရင်တုန်းကလို သင့်ကျန်းမာရေးအတွက် ဆရာဝန်ဆီက ရက်ချိန်းယူတာတွေပြန်လုပ်သင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် ဘယ်တော့မှ လက်လွတ်မခံဘဲ သွားသင့်တဲ့ ဆရာဝန်ရက်ချိန်း (၅) ခုကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ချိန်းဆိုချက်

တချို့လူတွေက တစ်ခုခုနေထိုင်မကောင်းမှပဲ ဆရာဝန်ဆီ သွားပြလေ့ရှိကြပါတယ်။ တကယ်တော့ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့အတွက် ဆရာဝန်သွားပြကြည့်သင့်ပါတယ်။ ရောဂါအခံရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေကတော့ မကြာခဏ ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ ဒါက သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဆရာဝန် စစ်ဆေးလို့ရအောင် ကူညီဖြစ်စေပါတယ်။ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့အတွက် ဆရာဝန်ချိန်းဆိုတာကို မသွားဘူးဆိုရင် ကြာလာရင် သင့်ကျန်းမာရေးအခြေအနေကို ပိုဆိုးရွားသွားစေမှာဖြစ်ပါတယ်။

သွားစစ်ဆေးဖို့ ချိန်းဆိုချက်

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလိုပဲ သွားကျန်းမာရေးကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ သွားဆရာဝန်ရက်ချိန်းပေးတဲ့အချိန်သွားပြတာက သွားဆုံးရှုံးမှု၊ ခံတွင်းအနံ့ဆိုး၊ သွားဖုံးနာကျင်မှုနဲ့ သွားအခေါင်းပေါက်ဖြစ်တဲ့ပြဿနာတွေကို လျော့နည်းစေမှာဖြစ်ပါတယ်။ လူတစ်ဉီးချင်းစီတိုင်းက တစ်နှစ်ကို (၂) ကြိမ်လောက်တော့ သွားကျန်းမာရေးအတွက် သွားဆရာဝန်ဆီ ရက်ချိန်းယူပြီး သွားရောက်သင့်ပါတယ်။ တကယ်လို့ မသိဘူးဆိုရင် သွားဆရာဝန်က ခံတွင်းသန့်ရှင်းဖို့အတွက် တစ်နှစ်ကို ဘယ်နှစ်ကြိမ် လာပြသင့်လဲဆိုတာ သင့်ကို လမ်းညွှန်ချက်ပေးပါလိမ့်မယ်။

အရေပြားရောဂါပြသဖို့ ချိန်းဆိုချက်

အပြာရောင်အလင်းနဲ့ အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်တို့နဲ့ ထိတွေ့တာက အရေပြားကင်ဆာဖြစ်လာနိုင်ခြေများစေပါတယ်။ စောစီးစွာ အရေပြားဆရာဝန်ဆီက ရက်ချိန်းယူပြီး ပြသမယ်ဆိုရင် အရေပြားကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းသွားစေမှာပါ။ အရေပြားပြဿနာရှိတဲ့သူတွေဆိုရင် ဆရာဝန်ချိန်းချက်တဲ့ရက်ချိန်းတွေကို မပျက်မကွက်သွားသင့်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးဖို့ ချိန်းဆိုချက်

ရင်သားကင်ဆာက အမျိုးသမီးတွေကြားမှာ ကြီးထွားလာတဲ့ပြဿနာပါပဲ။ ရင်သားမှာ အကြိတ်ရှိမရှိ နေ့တိုင်း ကိုယ်ကိုယ်တိုင် စမ်းကြည့်သင့်သလို တစ်နှစ်ကို နှစ်ကြိမ်လောက်တော့ ရင်သားကင်ဆာစစ်ဆေးမှုခံယူသင့်ပါတယ်။ ဒါမှ အချိန်မလွန်ခင် ကင်ဆာဆဲလ်ကြီးထွားလာမှုရှိမရှိ သိနိုင်မှာဖြစ်ပါတယ်။ သင့်ရင်သားမှာ ထူးခြားမှုရှိရင် ဆရာဝန်ဆီက ရက်ချိန်းယူပြီး သွားပြသင့်ပါတယ်။ ဆရာဝန်က ထပ်လာဖို့ ရက်ချိန်းပေးရင်လည်း မပျက်မကွက်သွားသင့်ပါတယ်။

မျက်လုံးစမ်းသပ်ဖို့ ချိန်းဆိုချက်

သင့်ရဲ့အမြင်အာရုံကလည်း ခန္ဓာကိုယ်ရဲ့အခြားအင်္ဂါအစိတ်အပိုင်းတွေလိုပဲ အရေးကြီးပါတယ်။ လက်တော့နဲ့ ဖုန်းစကရင်တွေရဲ့အလင်းက သင့်မျက်လုံးကို ခြောက်စေနိုင်သလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မျက်စိအားနည်းစေသလို အမြင်အာရုံကိုလည်း ဆုံးရှုံးစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါကြောင့် မျက်စိဆရာဝန်နဲ့ ပြသဖို့ ရက်ချိန်းယူထားရင် မပျက်မကွက် သွားသင့်ပါတယ်။

Ref: Five doctor appointments you should never miss
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top