လူသားချင်းစာနာတတ်တဲ့ ရဲအရာရှိနဲ့ အိမ်ရာမဲ့အမျိုးသမီး

image-2.png

မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂိုးလ်စ်ဘိုရိုမြို့ငယ်လေးမှ အသက် ၂၉ နှစ်အရွယ် ရဲအရာရှိ မိုက်ကယ်ရီဗာစ်တစ်ယောက် နေ့လယ်စာစားဖို့ နားနေချိန်ပေါ့။ ဂိုးလ်စ်ဘိုရိုရဲတပ်ဖွဲ့မှာ သူ တာဝန်ထမ်းဆောင်လာတာ ၉ နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက သူ အားကျခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းတစ်ယောက်ပုံစံအတိုင်း ‘စိတ်ရှည်၊ ကြင်နာ၊ ပြည်သူ့အနားမှာ အမြဲရှိနေပေးပါ”ဆိုတာမျိုးဖြစ်ဖို့ သူ အမြဲကြိုးစားနေတာပါ။

ဒီမြို့ထဲက အိမ်ခြေမဲ့တွေကို သူ မြင်ဖူးနေကျမို့ အများစုကိုမှတ်မိနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ကတော့ ပန်းခြံတစ်ခုဘေးကနေ ကားမောင်းဖြတ်သွားရင်း တစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက် မြက်ခင်းပေါ်မှာ ထိုင်နေတာကို သူ သတိထားမိလိုက်တယ်။

အဲဒီအမျိုးသမီးဝတ်ထားတဲ့ တီရှပ်အဖြူရောင်ပေါ်က စာသားတကြောင်းကတော့ သူ့ရင်ကို ဆွဲညှစ်လိုက်သလိုပါပဲ။ “အိမ်ခြေမဲ့ဖြစ်ရတာဟာ လူရာမဝင်သူဖြစ်သွားဖို့ အမြန်ဆုံးလမ်းပါပဲ။” ရီဗာစ်က ကားမှန်ချထားတာမို့ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး “ဟိုင်း” လို့ ခပ်တိုးတိုး နှုတ်ဆက်ဖြစ်ခဲ့တယ်။ ပြီးတော့ သူ ဆက်မောင်းသွားတယ်။ ဒါပေမဲ့ တစ်ခုခုက သူ့ကို ဆွဲခေါ်နေသလိုပါပဲ။ အဲဒီအင်္ကျီပေါ်က စာသားကို သူ့စိတ်ထဲကနေ ထုတ်လို့မရတော့ဘူး။

“ဒီအမျိုးသမီးကို နေ့လယ်စာ ဝယ်ကျွေးဖို့ ဘုရားသခင်က ကျွန်တော့်နှလုံးသားကို စေခိုင်းခဲ့တာပါ” လို့ ရီဗာစ်က နောက်ပိုင်းမှာ CNN သတင်းဌာနကို ပြောပါတယ်။ ဒါနဲ့ပဲ ရီဗာစ်ဟာ ရဲကားကို အနောက်ပြန်လှည့်မောင်းပြီး ပန်းခြံဘေးမှာ ကားရပ်လိုက်တယ်။ အဲဒီအမျိုးသမီးဆီ လမ်းလျှောက်သွားပြီး “နေကောင်းရဲ့လား၊ ဒီနေ့ ဘာစားပြီးပြီလဲခင်ဗျာ” လို့ မေးလိုက်တဲ့အခါ “ဘာမှမစားရသေးဘူး” လို့ သူမက ပြန်ဖြေတယ်။ ဒီတော့ ရီဗာစ်က ခေါင်းငြိတ်လိုက်ပြီး အနီးနားက ပီဇာဆိုင်ကနေ ပူပူနွေးနွေး ပီဇာနှစ်ဗူး (ပက်ပရိုနီတစ်ဗူးနဲ့ ချိစ်တစ်ဗူး) သွားဝယ်တယ်။

အမျိုးသမီးက ဘယ်လိုအရသာမျိုး ကြိုက်တတ်မှန်း သူ မသိဘူးလေ။ ရီဗာစ်က အိမ်ရာမဲ့ အမျိုးသမီးဘေးက မြက်ခင်းပြင်ပေါ် ဝင်ထိုင်ပြီး သူတို့အတူတူ နေ့လယ်စာ စားကြတယ်။ ပီဇာစားရင်း ၄၅ မိနစ်လောက်ကြာအောင် စကားပြောကြတယ်။ သူမနာမည်က မီရှယ်လ်(Michelle) တဲ့။ အသည်းရောဂါအပြင်းအထန် ခံစားနေရတဲ့ ၁၂ နှစ်အရွယ် သမီးလေးတစ်ယောက် ရှိတယ်။ ဒါပေမဲ့ သူမကိုယ်တိုင်လည်း အိမ်ရာမဲ့ဖြစ်နေပြီး ကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိလို့ မွေးစားမိဘတွေရဲ့ အစောင့်အရှောက်နဲ့ နေနေရတယ်။

နောက်ပြီး အသက် ၂၃ နှစ်အရွယ် သားတစ်ယောက်လည်း ရှိသေးတယ်တဲ့။ သူမရဲ့ ခင်ပွန်းသည်ကလည်း အိမ်ခြေမဲ့တစ်ယောက်ဖြစ်ပြီး (သူတို့နှစ်ယောက် နေ့လယ်စာ စားနေတာကို) လမ်းတစ်ဖက်ကနေ လှမ်းကြည့်နေတယ်လို့ ပြောတယ်။ ရီဗာစ်က မီရှယ်လ် ပြောသမျှကို သေချာနားထောင်ပေးခဲ့ပါတယ်။ လူတတ်ကြီးလုပ်ပြီး ဆုံးမ သြဝါဒ မပေးခဲ့သလို မီရှယ်လ်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ မီရှယ်လ်ကို လူသားတစ်ဦးလို ခံစားခွင့်ရစေဖို့ ဂရုစိုက်မှုနဲ့ လေးစားမှုကိုပဲ သူ ပေးခဲ့တာပါ။

သူတို့ စကားပြောရင်း စားသောက်နေကြတုန်းမှာပဲ ခရစ်ဘန်းစ်ဆိုတဲ့ လမ်းသွားလမ်းလာတစ်ယောက်က ရဲယူနီဖောင်းဝတ်နဲ့ အမျိုးသမီးတို့ မျက်ခင်းပြင်ပေါ်မှာ အတူထိုင် စကားပြောနေတာကို မြင်သွားပြီး သူ့ကားထဲကနေ ဓာတ်ပုံတစ်ပုံလှမ်းရိုက်ပြီး Facebook ပေါ် တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဖြစ်ပြီး ရဲအရာရှိ ရီဗာစ်ရဲ့ လူသားချင်းစာနာမှုနဲ့ အကြင်နာတရားအကြောင်း လူပြောများခဲ့ပါတယ်။

Ref: A police officer spent his lunch break sharing pizza with a homeless woman and it was captured in a heartwarming photo

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top